ဟံသာဝတီကို ဂိုးပြတ်အနိုင်ယူကာ အဆင့် ၈ ထိ တက်ရောက်လာခဲ့သည့် ရခိုင်ယူနိုက်တက်

August 12, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-25) ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဟံသာဝတီအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာစီးပုံစံဖြင့် ပထမပိုင်းတွင် ပွဲကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ရခိုင်ယူနိုက်တက် အသင်းမှ တန်ပြန်တိုက်စစ်ပုံစံမျိုးဖြင့် အကောင်းဆုံး တုံ့ပြန်ခဲ့သည်။ ပွဲချိန် ၆ မိနစ်တွင် ရခိုင်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး သန်း ကျော်ဋ္ဌေးက သွင်းယူပေးခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပွဲချိန် ၄၀ နှင့် ၄၅+၁ မိနစ်တွင် ထပ်မံဦးဆောင်ဂိုးနှစ်ဂိုး ထပ်ရခဲ့ပြီး သန်းကျော်ဋ္ဌေးတစ်ဦးထဲမှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ရခိုင်အသင်းက ဟံသာဝတီအား သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင် ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဟံသာဝတီအသင်းမှ ကစားကွက်အနည်းငယ် ပြောင်းခဲ့သဖြင့် ပထမပိုင်းထက် ပိုမိုကောင်းမွန်လာခဲ့ သော်လည်း ရခိုင်ယူနိုက်တက်မှ အကောင်းဆုံးခုံခံ ကစားကာ ထိရောက်သည် တန်ပြန်တိုက်စစ်မျိုး ပြသခဲ့သည်။ ပွဲချိန် ၆၀ မိနစ်တွင် ရခိုင်အသင်းက စတုထ္ထဦးဆောင်ဂိုးရခဲ့ပြီး ပထမပိုင်းတွင် ဟက်ထရစ် သုံးဂိုးသွင်းယူပေးထားသည့် သန်းကျော်ဋ္ဌေးမှ ထပ်မံသွင်းပေးခဲ့ ခြင်းဖြစ်သည်။ ပွဲချိန် မိနစ် ၈၀ ခန့်တွင် ဟံသာဝတီအသင်းခေါင်းဆောင် သက်အောင် ကစားပုံကြမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင် လူကြီးမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ခဲ့သည်။

လက်ကျန်မိနစ်များတွင် ရခိုင်အသင်းမှ အနိုင်ရလဒ် ထိန်းကစားခဲ့သည့်အတွက် ပွဲအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန် အသင်းနှင့် သုံးဂိုးစီ သရေရရှိအောင် ကစားနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင် ဟံသာဝတီအသင်းကို ထပ်မံအနိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းကို အနိုင်ရခဲ့သည့် ရခိုင်အသင်းသည် ရမှတ် ၂၄ မှတ်ထိ ရရှိခဲ့ပြီး အဆင့် ၁၂ နေရာမှ အဆင့် ၈ နေရာအထိ တက်လှမ်းခဲ့သည်။ စလင်းကွင်းတွင် ကစားခဲ့သည့် မြ၀တီအသင်း နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲတွင် ရှမ်းအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။