အာဆီယံပြိုင်ပွဲအတွက် ကစားသမားသစ်များ ထပ်မံပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဌ ဖွင့်ဟ

August 19, 2018

မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီတို့မှ ပူုးပေါင်းကျင်းပသည့် အဆင့်မြင့်ပညာဦးစီးဌာနအဆင့် MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို  သြဂုတ်လ ၂၀ ရက်တွင် စတင်ကျင်းပသွားတော့မည်ဖြစ်ရာ  အာဆီယံအားကစားပြိုင်ပွဲအတွက် ကစားသမားသစ်များ ထပ်မံပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဌ မှ ဖွင့်ဟပြောကြားခဲ့သည်။

“ ဦးစီးဌာနအဆင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဘောလုံးပြိုင်ပွဲတွေက နှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်။  အခု MNL နဲ့ MPT က ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြိုင်ပွဲကျင်းပပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ အဆင်ပြေမှုတွေလည်း ပိုများလာပါတယ်။  ဒီနှစ်မှာတော့ အာဆီယံအားကစားပြိုင်ပွဲလည်း ရှိတော့ ဒီထဲက ကောင်းခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကို ရွေးချယ်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ AUG(အာဆီယံအားကစားပြိုင်ပွဲ)အတွက် နဂိုကတည်းက ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်နေတာ ရှိပါတယ်။ အခု ဦးစီးဌာနအဆင့်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကိုလည်း ထပ်မံရွေးချယ်ဖြည့်တင်းသွားမှာပါ။  ကစားသမားတွေထပ်မံ ပေါ်ထွက်လာဖို့လည်း မျှော်လင့်တာပေါ့။ ဒါကတော့ သူတို့ရဲ့ ခြေစွမ်းပြနိုင်မှုအပေါ်မှာလည်း မူတည်သေးတာပေါ့လေ” ဟု တက္ကသိုလ်များဘောလုံးဆပ်ကော်မတီဥက္ကဌနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  ကျင်းပမည့် ယင်းပြိုင်ပွဲတွင် အောက်မြန်မာပြည်ဇုန်မှ အကောင်းဆုံးကျောင်းသား၊ကျောင်းသူများဖြင့် ရွေးချယ်ဖွဲ့စည်းထားသော လက်ရွေးစင်အမျိုးသား၊အမျိုးသမီး ၂ သင်းစီ၊ စုစုပေါင်း ၄ သင်းနှင့် အထက်မြန်မာပြည်ဇုန်မှ အကောင်းဆုံး ကျောင်းသား၊ကျောင်းသူများနှင့် ရွေးချယ်ဖွဲ့စည်းထားသော လက်ရွေးစင် အမျိုးသား၊အမျိုးသမီး ၂ သင်းစီ၊ စုစုပေါင်း ၄ သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ ကစားသမားတွေကတော့ အထက်မြန်မာပြည်ရော၊ အောက်မြန်မာပြည်မှာပါ ဇုန်အလိုက်ပွဲစဉ်တွေမှာ ရွေးချယ်ရေး အဖွဲ့တွေ ထားရှိပါတယ်။  ဒီပြိုင်ပွဲတွေကနေ တစ်ဆင့် ခြေစွမ်းခြေဆရှိတဲ့သူတွေကို ရွေးချယ်ထားတာဖြစ်ပါတယ်။  နှစ်ကုန်ပိုင်းမှာ အိမ်ရှင်အနေနဲ့ လက်ခံ ကျင်းပမယ့် AUG အတွက် အထောက်အကူပြုတဲ့ ပြိုင်ပွဲဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ MNL နဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပွဲစဉ်များကို တစ်ရက်လျင် (၂) ပွဲနှုန်းဖြင့် ယူနီဗာစတီကွင်း၊ ပဒုမ္မာကွင်းနှင့် M3ကွင်း(ဗဟန်းကွင်း) တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး   အမျိုးသားပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်မှ ၂၇ ရက်အထိလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဆင့်မြင့်ပညာဦးစီးဌာနအဆင့်ပြိုင်ပွဲတွင် ပထမရရှိသည့် (အမျိုးသား၊အမျိုးသမီး) အသင်းများအား ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် သိန်း ၂၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့အတူ ဒုတိယဆု ရရှိသည့် (အမျိုးသား၊အမျိုးသမီး)အသင်းများကို ဆုကြေးငွေကျပ် ၁၀ သိန်း ချီးမြှင့်မည့်အပြင် ပွဲစဉ်တစ်လျောက် နေရာအလိုက်အကောင်းဆုံးဆုနှင့် အကောင်းဆုံးကစားသမားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျင် ထောက်ပံ့ငွေကျပ် သိန်း ၂၀ နှင့် အားကစားဝတ်စုံများအပြင်  လေ့ကျင့်ရေးသုံး ဘောလုံးများကို ပြိုင်ပွဲကျင်းပရေးမှ ထောက်ပံ့ပေးထားပါသည်။

MPT သည် မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ပြီး တက္ကသိုလ်ဘောလုံးပြိုင်ပွဲများအပြင်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ၊ ယူ ၁၄ ပြိုင်ပွဲများနှင့် Grassroots ဘောလုံးပွဲတော်များကိုပါ တစ်နိုင်ငံလုံး အနှံ့ကျင်းပပေးနေခြင်းဖြစ်သည်။

မှတ်ချက်= ယခုပြိုင်ပွဲတွင် Lower University(A)၊ Lower University (B)၊ Upper Uniersity (A)၊ Upper University (B) ဟု အသင်းနာမည်သတ်မှတ်ထားသော်လည်း  အဆိုပါအသင်းများအား စီနီယာ(က)အသင်း၊ (ခ) အသင်း ပုံစံမျိုး ခွဲခြားသတ်မှတ်ထားခြင်း မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။