ဆောက်သမ်းမြန်မာအက်ဖ်စီအသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ဆောက်သမ်းအသင်းမှ စိုးမြတ်သူ၊ ၀င်းဇင်ဦး၊ ထူးထူးအောင်၊ ဇမ်ဘိုထွန်း၊ ဟိန်းဇာအောင် စသည့် ကစားသမားငါးဦးသည် ပွဲပယ်ပြစ်ဒဏ်များကြောင့် လွှဲချော်မည်ဖြစ်သည်။
စိုးမြတ်သူနှင့် ၀င်းဇင်ဦးတို့သည် စုစုပေါင်း အ၀ါကတ် ခြောက်ကတ်ပြသခံရသည့်အတွက် ခြောက်ဝါ နှစ်ပွဲဖြင့် ပွဲပယ်ခံရခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပွဲစဉ် ပြီးဆုံးသည့်အချိန်မှ ပွဲပယ် ပြည့်မည်ဖြစ်သည်။ အလားတူ ဇမ်ဘိုထွန်းနှင့် ဟိန်းဇာအောင်တို့ သည်လည်း စုစုပေါင်း အ၀ါကတ် သုံးကတ် ပြသခံခဲ့ရသည့်အတွက် သုံးဝါ တစ်ပွဲပယ်ဖြင့် ပွဲပယ်ခံရခြင်းဖြစ်သည်။ ကွင်းလယ် ကစား သမား ထူးထူးအောင်သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ပြစ်ဒဏ်အရ ခြောက်ပွဲ ပယ်ခံ ထားရသည့် အတွက် ရန်ကုန်ယူနိုက် တက်အသင်းနှင့်ပွဲစဉ်ပါ ထပ်မံလွှဲချော်ခြင်းဖြစ်သည်။
ဆောက်သမ်းအသင်းသည် စုစုပေါင်း ပွဲစဉ် ၂၁ ပွဲ ကစားအပြီးတွင် ရှစ်ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ခုနစ်ပွဲ ရှုံး ရမှတ် ၃၀ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် စုစု ပေါင်း ၂၁ ပွဲ ကစားပြီးချိန်တွင် ၁၅ ပွဲ နိုင်၊ သုံးပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၄၈ မှတ်ဖြင့် အဆင့် ၁ နေရာ တွင် ရပ်တည်နေသည်။ MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-22) နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းအသင်းတို့သည် လာမည့် စက်တင်ဘာ ၂၃ ရက်၊ ညနေ ၃း၃၀၊ YUSC ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
