၂၀၁၈ ခုနှစ်အတွင်း ရယူနိုင်ခဲ့သည့် ဆုဖလားများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ရန်ကုန်ယူနိုက်တက် အသင်း အပ်နှံ

October 30, 2018

ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီအတွင်း ပြည်တွင်းဆုဖလား အားလုံးကို ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ၎င်းတို့ရရှိခဲ့သည့် ဆုဖလားများအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ ယမန်နေ့ ညနေပိုင်းက အခမ်းအနား တစ်ရပ်ဖြင့် အပ်နှံမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ဆုဖလား အပ်နှံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက် အသင်းမှ အသင်းတာဝန်ရှိသူများ၊ နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် နည်းပြအဖွဲ့၊ ကစားသမားများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇက အသင်း၏ သမိုင်းကြောင်း၊ အောင်မြင်မှုများနှင့် ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အောင်မြင်စွာ ဆွတ်ခူးရယူနိုင်ခဲ့သည့် ကွင်းဖွင့် ချာရတီဖလား၊ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ချန်ပီယံဆုဖလားနှင့် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ကြီးများကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ အပ်နှံခဲ့ကြသည်။