မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပလျက်ရှိသည့် MPT U-14 Football Tournament 2018 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ပုသိမ်မြို့ခံအသင်းများဖြစ်သည့် ပုသိမ်(ခ)အသင်းနှင့် ပုသိမ်(က)အသင်းတို့ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။
အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့ နိုဝင်ဘာ ၃ ရက်တွင် ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ပြီး ပုသိမ်(ခ)အသင်းက ဟင်္သာတ(က)ကို ၂-၁ ဂိုး၊ ပုသိမ်(က)အသင်းက မြောင်းမြ(ခ)အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တတိယနေရာလုပွဲစဉ်နှင့် ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာလ ၅ ရက်တွင် ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ တတိယနေရာလုပွဲစဉ်ကို နံနက်ပိုင်းတွင် ဟင်္သာတ(က)အသင်းနှင့် မြောင်းမြ(ခ)အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့အတူ ဗိုလ်လုပွဲစဉ်ကို ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ပုသိမ်(ခ)အသင်းနှင့် ပုသိမ်(က)အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုသွားမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပုသိမ်မြို့မှ ဘောလုံးဝါသနာရှင် ပရိသတ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘပြည်သူများ အခမဲ့လာရောက် အားပေးကြည့်ရှုနိုင်ပါသည်။
၅-၁၁-၂၀၁၈
တတိယနေရာလုပွဲ/ နံနက် ၈း၃၀
ဟင်္သာတ(က) နှင့် မြောင်းမြ(ခ)
ဗိုလ်လုပွဲစဉ်/ ညနေ ၃း၃၀
ပုသိမ်(ခ) နှင့် ပုသိမ်(က)