ဒိုင်လူကြီးအား ဆဲဆိုခဲ့သူ ဒဂုံအသင်း ကစားသမားကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်ချမှတ်

April 30, 2019

ဒဂုံအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ပွဲပြီးဆုံးချိန်၌ ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အကူဒိုင်ကို ဆဲဆိုခြင်း၊ ဥမင်အဝတွင် စောင့်ဆိုင်းကာ ရန်ပြုရန် ကြိုးပမ်းခြင်းတို့ကြောင့် ဒဂုံအသင်းမှ ကစားသမား ကျော်စိုးမိုးကို မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ကျော်စိုးမိုးသည် ဒဂုံအသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့သည့် MPT Myanmar National League 2019 ပွဲစဉ် ၉ ပွဲစဉ်တွင် အရံကစားသမားအဖြစ် ပါဝင်လာခဲ့သူ ဖြစ်ပြီး ဝင်ရောက် ကစားခွင့်မရခဲ့ပေ။ ၎င်းသည် ပွဲပြီးဆုံး၍ ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်ခွာမည့် အချိန်တွင် ကွင်းအတွင်း ဝင်ရောက်လာပြီး ဒိုင်လူကြီးများအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ဥမင်အဝတွင်ပါ စောင့်ဆိုင်း၍ အကူဒိုင်(၁) ဦးဝင်းသီဟအား ထိုးကြိတ်ရန် ထပ်မံကြိုးစားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ပြီး အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

– ဒဂုံအသင်းမှ အရန်ကစားသမား ကျော်စိုးမိုးအား  MPT Myanmar National League I & II Regulations 2019 စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၅) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ရှစ်သိန်း ပေးဆောင်ရန်။