မြန်မာနေရှင်နယ်လိဂ်နှင့် Myanmar Care တို့၏ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ

May 23, 2019

မြန်မာနေရှင်နယ်လိဂ်နှင့် Myanmar Care (ကရုဏာရှေးရှု မြန်မာမှု) တို့၏ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မေလ ၂၂ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် လူငယ်ဘောလုံးပွဲတော်များအတွက် Myanmar Care မှ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးအပ်သည့် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမင်းလှိုင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director Mr. Kazufumi Nagashima နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ စာနယ်ဇင်း မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက
“ နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းကို တိုင်းတာကြတာက လက်ရွေးစင်အသင်းကြီးရဲ့ အောင်မြင်မှုကိုပဲ ကြည့်တာပေါ့လေ။ ကျွန်တော်တို့ အဲဒီလို လက်ရွေးစင်အသင်းအောင်မြင်ဖို့အတွက်ဆိုရင် အောက်ခြေမှာ အခြေခိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ Grassroots Festival နဲ့ Youth Football Tournament တွေ စဉ်ဆက်မပြတ် ကျင်းပပေးနေဖို့ လိုအပ်ပါတယ်။ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေ မရှိဘဲနဲ့ လက်ရွေးစင်အသင်း အောင်မြင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခုလို လူငယ်စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ စပွန်ဆာတွေ မဖြစ်မနေ လိုအပ်ပါတယ်။ မြန်မာဘရူဝါရီလီမိတက်အနေနဲ့ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးလာဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်ကို ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မာဘရူဝါရီလီမိတက်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ပိုင်းမှာလည်း လူငယ် ထူးချွန် ကစားသမားတွေ ရွေးထုတ်ပြီး ဂျပန်နိုင်ငံကို စေလွှတ်သွားဖို့ စီစဉ်ထားပါတယ်။ လူငယ်စီမံကိန်းတွေကနေတစ်ဆင့် စပွန်ဆာရှင်တွေ အားရ ကျေနပ်ဖွယ်ဖြစ်အောင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာကာဇုဖုမိနာဂါရှီးမားက
“ယနေ့ အခမ်းအနားက ၂၀၁၉ မှာ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ ပူးပေါင်းကျင်းပမယ့် Grassroots နဲ့ ယူ ၁၄ ဘောလုံးပြိုင်ပွဲ အတွက် Myanmar Care ကနေ ဆက်လက်ထောက်ပံ့ပေးဖို့အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားပဲ ဖြစ်ပါတယ်။ ၂၀၁၈ မှာလည်း အခုလို ပံ့ပိုးပေးခဲ့ပြီး ဒီတစ်ချိန်က ကျွန်တော်တို့အတွက် ဒုတိယအကြိမ်မြောက် ပံ့ပိုးပေးခွင့် ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနေရှင်နယ်လိဂ်နဲ့ MPT ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဘောလုံးအားကစားက ကလေးငယ်တွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းနဲ့ အကျင့်စာရိတ္တ ကောင်းမွန်ဖို့၊ အသင်းအဖွဲ့စိတ်ဓာတ် ထားရှိစေဖို့အတွက် အဓိက ကျပါတယ်။ ဒါ့အပြင် တစ်ဖက်တစ်လမ်းကလည်း ကျောင်းသင်ခန်းစာတွေ လေ့လာရာမှာ အထောက်အကူ ဖြစ်စေဖို့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မှာ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ကလေးငယ် စုစုပေါင်း ၂၀၀၀ ကျော် Grassroots Festival မှာ ပါဝင်ဆင်နွှဲခဲ့သလို ယူ ၁၄ ဘောလုံးပြိုင်ပွဲမှာလည်း ပြိုင်ပွဲဝင် ၉၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Myanmar Care အနေနဲ့ ပြီးခဲ့တဲ့နှစ်ကအတိုင်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်” ဟု စပွန်ဆာ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စပွန်ဆာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာကာဇုဖူမီ နာဂါရှီမား တို့မှ စပွန်ဆာ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရပစ္စည်းလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့သည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားအား ဆက်လက်ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းချက်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာကာဇုဖုမိနာဂါရှီးမားနှင့် မြန်မာဘရူဝါရီလီမိတက်မှ Corporate Communications Manager ဦးမိုးဇော် တို့မှ ပြန်လည် ဖြေကြားပေးခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် မိတ်ဖက် ပါတနာ MPT တို့ ပူးပေါင်းပြီး Grassroots Festival နှင့် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ် ၈ ခုတွင် ကျင်းပပြုလုပ်ခဲ့ရာ Myanmar Care မှ Official Main Sponsor အဖြစ် ပူးပေါင်းပါဝင်ပေးခဲ့သည်။

ယခုနှစ်တွင်လည်း တိုင်းနှင့်ပြည်နယ် ၁၀ ခု၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ Myanmar Care မှ ကလေးငယ်များအတွက် ဘောလုံးအကျီ င်္၊ ကျောပိုးအိတ်၊ ထီး၊ တိုင်းနှင့် ပြည်နယ်တစ်ခုစီအတွက် ဘောလုံးများနှင့် Track Suit များ စသည်တို့ကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။