ပုသိမ်ဇုန် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲအကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်

September 9, 2019

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 တို့အတွက် အကြို ညှိနှိုင်းအစည်းအဝေးကို ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်း အစည်းအဝေးခန်းမ၌ ယနေ့ညနေပိုင်းက ကျင်းပသည်။အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်၊ ပုသိမ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးကြည်အောင်၊ မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ဆွေမာနှင့် တာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများ၊ ပုသိမ် Old Star ဘောလုံးအသင်းမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် Sponsorship Project Director ဦးသိုက်စံထွန်းက လူငယ် ဘောလုံးပွဲတော်နှင့် ဘောလုံးပြိုင်ပွဲများအား ကျင်းပသွားမည့် အစီအစဉ် အသေးစိတ်ကို ရှင်းလင်း ပြောကြားခဲ့ကာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက အသေးစိတ် ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ အိမ်ကွင်းဖြစ်သည့် ကျောက်တိုင်ကွင်းတွင် ကျင်းပသွားမည့် MFF-MPT Grassroots Football Festival 2019 ကို အောက်တိုဘာ ၇ ရက်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။