နောက်ရာသီ မြန်မာနေရှင်နယ်လိဂ်မှာ ဆက်ကစားခွင့် ရခဲ့တဲ့ ဆောက်သမ်း

September 15, 2019

သရေ တစ်မှတ် ရပေမယ့် ဒဂုံ အသင်း တန်းဆင်းရပြီး ချင်းလန်းလည်း တန်းဆင်းခဲ့ရ…

ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ 2019 MPT Myanmar National League အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ တန်းဆင်းဇုန် အတွင်းက ရုန်းထွက်နိုင်ဖို့ ကိုယ်စီမျှော်လင့်ချက် ရှိနေကြတဲ့ ဆောက်သမ်းမြန်မာ အသင်းနဲ့ ဒဂုံ အသင်းတို့ တွေ့ဆုံယှဉ်ပြိုင် ခဲ့ကြပြီး ပွဲအပြီးမှာ သရေတစ်မှတ်စီသာ ခွဲယူခဲ့ကြရပေမယ့် အစောပိုင်းကတည်းက ရမှတ် အသာစီး ရနေတဲ့ ဆောက်သမ်းက ဒီသရေ တစ်မှတ်ကြောင့် လာမယ့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ဒဂုံအသင်းကတော့ လိဂ်-၂ ကို တန်းပြန်ဆင်းခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲက နှစ်သင်းစလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲဖြစ်လို့ နှစ်သင်းစလုံး အားကုန်ထုတ် ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်း ကွာဟချက် နည်းပါးတဲ့ အသင်းတွေ ဖြစ်တာကြောင့် အခွင့်အရေး ဖန်တီးနိုင်မှု နည်းခဲ့ပြီး တစ်ဘက် တိုက်စစ်ကို တစ်ဘက် ခံစစ်က ဖျက်ထုတ် တားဆီးရင်းနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ပွဲချိန် နှောင်းပိုင်းမှာတော့ ပွဲက ပိုမိုကြမ်းတမ်းလာခဲ့ပြီး ပြစ်ဒဏ်ဘောတွေလည်း မကြာခဏ ပေးခဲ့ရပါတယ်။ ဒါပေမဲ့ အပိုင်ကန်သွင်းခွင့်တွေ ဖန်တီးရာမှာတော့ နှစ်သင်းစလုံး အားနည်းခဲ့တာမို့ ပွဲချိန် မိနစ် ၉၀ ပြီးဆုံးတဲ့အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တဲ့ အတွက် ပွဲအပြီးမှာတော့ သရေ တစ်မှတ်စီကိုပဲ ခွဲဝေယူခဲ့ကြရပါတယ်။

ဒီပွဲမတိုင်ခင်မှာ ဆောက်သမ်း မြန်မာ အသင်းက ရမှတ် ၂၀ ရရှိထားပြီး ဒဂုံက ၁၇ မှတ် ရရှိထားပေမယ့် ဂိုးကွာခြားချက်မှာ ဒဂုံအသင်းက အသာရနေတာကြောင့် ဒဂုံသာ အနိုင်ရခဲ့ရင် ဆောက်သမ်း အသင်း တန်းဆင်းရဖို့ ရှိပေမယ့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ရတာကြောင့် ဆောက်သမ်းအသင်းက တန်းကျန်ခဲ့ပြီး ဒဂုံက တန်းဆင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

တန်းဆင်းဇုန်ထဲက အခြားတစ်သင်း ဖြစ်တဲ့ ချင်းလန်းအသင်းကလည်း ရတနာပုံ အသင်းကို အဝေးကွင်းမှာ ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ရာသီကြာ ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို စွန့်ခွာပြီး လိဂ်-၂ ကို တန်းပြန်ဆင်းခဲ့ရပြီ ဖြစ်ပါတယ်။