MFF Charity Cup ရာသီကြို ကွင်းဖွင့်ဖလားပြိင်ပွဲအား YUSC ကွင်း၌ ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသွားမည်

December 20, 2019

၂၀၂၁ ကွင်းဖွင့်ဖလားပွဲစဉ်ကို ၂၀၂၀ ခုနှစ် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်မည့်အသင်း၏ အိမ်ကွင်း၌ ကျင်းပသွားရန်ကိုလည်း အစည်းအဝေးမှ ကြိုတင်အတည်ပြု

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲအကြို
MFF Charity Cup 2020 (ရန်ပုံငွေဖလားပွဲစဉ်)ကို ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၊ YUSC ကွင်း၌ ကျင်းပပြုလုပ်သွားရန် ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။

ကွင်းဖွင့်အလှူရန်ပုံငွေဖလားအဖြစ် ကျင်းပသွားမည့် ယင်းပွဲစဉ်ကို မူလက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားရန် လျာထား သတ်မှတ်ခဲ့သော်လည်း မြက်ခင်းအသစ် လဲလှယ်ပြုပြင်လျက်ရှိသည့် သုဝဏ္ဏကွင်း၏ မြက်ခင်းအနေအထား အကောင်းဆုံးအနေအထားဖြစ်စေရန် အချိန်အနည်းငယ် ထပ်ယူရန် လိုအပ်သဖြင့် အခြားသင့်တော်သည့်ကွင်း၌ ကျင်းပပေးရန် တင်ပြမှုကို လိဂ်ကော်မတီက ဆုံးဖြတ်အတည်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။

နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် အဆိုပါ လိဂ်ကော်မတီအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌများအပါအဝင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေး၌ ကွင်းဖွင့်ဖလားပွဲစဉ်ကို နယ်ကွင်းတစ်ကွင်းအစား YUSC ကွင်း၌ ကစားသင့်ကြောင်း ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌကိုယ်တိုင်မှလည်း ဆွေးနွေးအဆိုပြုပေးခဲ့သဖြင့် ယခုကဲ့သို့ YUSC ကွင်း၌ ကျင်းပရခြင်းဖြစ်သည်။ ထို့ပြင် လာမည့် ၂၀၂၁ ကွင်းဖွင့်ဖလားပွဲစဉ်ကို ၂၀၂၀ ခုနှစ် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်မည့်အသင်း၏ အိမ်ကွင်း၌ ကျင်းပသွားရန်ကိုလည်း အစည်းအဝေးမှ ကြိုတင်အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားမည့် ယင်းပွဲစဉ်ကို ဇန်နဝါရီ ၅ ရက်၊ ညနေ ၃း၃၀ အချန်တွင် ကျင်းပသွာမည်ဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန်း ၂၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။

မြန်မာနေရှင်နယ်လိဂ်အနေဖြင့် တိုင်းပြည်၏ လူမှုရေးလုပ်ငန်းများ၌ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ရန်နှင့် ကလပ်အသင်းများ၏ ရာသီကြို ခြေစွမ်းကို ပရိသတ်များ ခံစားသုံးသပ်နိုင်စေရန် အဆိုပါ ရန်ပုံငွေဖလားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့် အလှူရှင်များ၏ လှူဒါန်းငွေများကို ယခင်နှစ်များအတိုင်း
ပရဟိတကျောင်းများသို့ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ယင်းပွဲစဉ်၌ ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းပေးသွားမည်ဖြစ်ရာ မကြာမီ အသေးစိပ်သတင်းအချက်အလက်များအား ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။