အိမ်ကွင်းတွင် ရတနာပုံအသင်းကို အနိုင်ယူကာ အမှတ်ပေးဇယား အဆင့် ၁ တွင် ဆက်လက်ဦးဆောင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်

February 15, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက Grand Royal ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ရာ အိမ်ရှင်အသင်းမှ ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံးမှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် လျင်လျင်မြန်မြန် ကစားခဲ့ကြပြီး ပွဲချိန် ၁၅ မိနစ်တွင် ရတနာပုံအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးကို လှိုင်းဘိုဘိုက သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ဟံသာဝတီအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာက သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့သည်။
ဒုတိယပိုင်း ၅၇ မိနစ်တွင် ဟံသာဝတီအသင်းမှ ဒုတိယ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာမှ ထပ်မံသွင်းယူပေးခဲ့သည်။

ပွဲချိန် ၈၄ မိနစ်တွင် ဟံသာဝတီအသင်းမှ တတိယဂိုးရခဲ့ပြီး တိုက်စစ်မှူး အီမီကာမှ သွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် ဟံသာဝတီအသင်းမှ စတုထ္ထဂိုး ထပ်မံရခဲ့ပြီး လူငယ်ကစားသမား ဟိန်းထက်အောင်မှ သွင်းယူပေး ခဲ့သည်။ ဟံသာဝတီအသင်းသည် အိမ်ကွင်းတွင် ရတနာပုံအသင်းကို ထပ်မံအနိုင်ရခဲ့သည့်အတွက် ခြောက်ပွဲကစားပြီးချိန်တွင် ခြောက်ပွဲစလုံးအနိုင်ရကာ ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဆက်လက်ဦးဆောင်ခဲ့သည်။