ရန်ကုန် နည်းပြအသစ်ရဲ့ တာအထွက်မှာ ရတနာပုံနဲ့ထိပ်တိုက်ဆုံ

August 29, 2020

ထွန်းထွန်းဦး (လှိုင်)

MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၂) မှာပြောစရာ အချို့ရှိတယ်။ ဒါကတော့ အမှတ်ပေး ဇယားထိပ်ဆုံးက နိုင်ပွဲဆက် အသင်း ၂ သင်းဖြစ်တဲ့ ဟံသာဝတီနဲ့ ဧရာဝတီ အသင်းတို့ဟာ ဇယားအောက်ဆုံးက ရှုံးပွဲဆက် ၂ သင်းဖြစ်တဲ့ ISPE နဲ ဆောက်သမ်းမြန်မာ တို့ကို အသီးသီးတွေ့ဆုံယှဉ်ပြိုင် ရမယ့် အနေအထား ဖြစ်နေတာရယ် ပြီးတော့ ရန်ကုန်ယူနိုက်တက်ပါ၊ ဒီအသင်းဟာ နည်းပြအသစ်နဲ့ တာထွက်မှာ ရတနာပုံနဲ့ လာဆုံနေတာကြောင့်ရယ် ဖြစ်နေပါတယ်။

MPT MNL 2020 ပွဲစဉ် ၁၂ ပွဲစဉ်ဇယား

ဒီနေရာမှာ ပြောစရာရှိတာ တစ်ခုက မြန်မာနေရှင်နယ်လိဂ်မှာ ခါတိုင်းဆိုရင် အိမ်ရှင်-ဧည့်သည် အနေအထားနဲ့ ပြိုင်ဆိုင်ရတာဖြစ်လို့ မထင်မှတ်တဲ့ ရလဒ် မျိုးတွေ ထွက်ပေါ်လာစေမယ့် အခြေအနေအထိ အိမ်ရှင်အားသာချက်အဖြစ် အိမ်ကွင်း ပရိသတ်တွေ နဲ့အတူ လုယူဖို့ စွမ်းဆောင်နိုင်တာမျိုး ရှိပေမယ့် အခုအချိန်မှာတော့ အဲ့ဒါတွေ မရှိတော့ဘူး။ ဟုတ်ပါတယ်။ အိမ်ကွင်း- အဝေးကွင်း စနစ်ဆိုတာက ကိုဗစ် – 19 ကာလမှာ ကျန်းမာရေး လမ်းညွှန်ချက်များနဲ့အညီ ပြန်ကစားတဲ့ MNL ပြိုင်ပွဲတွေမှာ မရှိတော့ တာကြောင့် ကြားမြေပေါ်က စိန်ခေါ်သံတွေမှာ ဘာတွေဖြစ်လာကြဦးမလဲ။

ပြီးတော့ တစ်ပတ် ကို ၂ ပွဲ နီးပါး ကစားနေရတဲ့ အနေအထားမှာ ကစားသမားတွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေအပြင် အချိန်ယူပြင်ဆင်မှုနဲ့ အနားကောင်းကောင်း မရတဲ့ အခြေ အနေမျိုး ဖြစ်နေတယ်။ ဒီတော့ ပွဲဆက်များတဲ့ ဒဏ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးကို ဘယ်အသင်းတွေ ကြုံကြ ရမလဲဆိုတာ ဒီပွဲစဉ်မှာ ကြည့်ကြရဦးမှာဖြစ်တယ်။ ဒီကြားထဲ အရန်အင်အားနဲ့ ကစားသမား စုဖွဲ့မှုအပိုင်းမှာ ပြင်ဆင်မှု အတိုင်းအတာအရ အစောပိုင်း လုပ်ထားနိုင်ကြပေမယ့် အခုလိုမျိုး အခြေအနေမှာတော့ အသင်းကြီး အချို့ကလွဲရင် ကျန်အသင်းတွေ တော်တော်များများက ရှိတာနဲ့သာ ခရီးဆက်နေကြတဲ့ အနေအထားမျိုးဖြစ်လို့ ပွဲပြီးစကား သံတွေထဲမှာတောင် ရလဒ်ပိုင်းကို တိုက်ရိုက်ထိခိုက်တဲ့ နည်းပြအချို့ရဲ့ ညဉ်းတွားသံတွေထဲမှာ ဒါလေးတွေကို ကြားလာကြရပါပြီ။

တစ်ပတ်ကို ၂ ပွဲနှုန်း ကစားရချိန်မှာ အသင်းတစ်သင်းအတွက် ဆက်တိုက် ဆင်နွဲဖို့ဆိုတာ အရံအင်အားပြည့်တဲ့ အသင်းကြီးတွေ အတွက်တောင် မလွယ်ပါဘူး။ ကျန်တဲ့အသင်းတွေအတွက် ဆိုရင်တော့ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ဒီတော့ ဇွဲနဲ့ရင်းပြီး ဘယ်အသင်းတွေ ဘယ်လိုမျိုး ဒီအနေအထားမှာ ပါးပါးနပ်နပ်နဲ့ တစ်ပတ်နှစ်ပွဲ ဆိုသလိုအောင်ပွဲတွေကို အမိအရနဲ့ ဆွဲထုတ်နိုင်မလဲဆိုတာ ကြည့်ရမယ်။ ပြိုင်ပွဲတွေ ပြန်စတာလည်း တစ်ပတ်ကျော် ၂ ပတ်နားကပ်နေပြီ ဖြစ်တယ်။ ကစားပွဲတွေက လည်း ၂ ပွဲအထိ ရှိလာပြီ၊ ဒီနေ့ဆိုရင် ၃ ပွဲမြောက် ယှဉ်ပြိုင်ရတော့မယ်လေ။ အားလုံးကလည်း အသင်းတိုင်းရဲ့ ခြေစွမ်းတွေကို ဒီကာလမှာ တီးမိခေါက်မိမက ရှိလာကြပြီဖြစ်လို့ လက်ရှိ စုဖွဲ့မှုခြေစွမ်း အနေအထားများ အရ ဘယ်လို မျိုး ရှိနိုင်သလဲ၊ ဘယ်လိုမျိုးဖြစ်မလဲဆိုတာ MPT မြန်မာနေရှင်နယ်လိဂ်ကို တောက်လျှောက်နီးပါး စာင့်ကြည့်နေကြတဲ့ ပရိသတ်တွေက အစ ခန့်မှန်းနိုင်လာကြပြီ ဖြစ်တယ်။

ဒီနေ့မှာရော အင်အားအပြည့်နဲ့ ဘယ်အသင်းတွေ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်ကြမလဲ။ ဘယ်လိုမျိုးပုံစံနဲ့ ပြိုင်ဘက်တွေကို တွန်းလှန်ကြမလဲ။ ဒဏ်ရာရ ကစားသမားတွ ရှိနေတဲ့ အသင်းတွေ၊ ပွဲပန်းနေတဲ့ အသင်းတွေအပြင် နည်းပြချုပ် လဲလှယ်ထားတဲ့ အသင်းကလည်း ရှိနေတယ်ဆိုတော့ တစ်ကယ့်ကို ပြိုင်ဆိုင်မှုတွေက လိုအပ်တာထက် ပိုလာဦးမှာ ဖြစ်နေပြန်ပါတယ်။

ရန်ကုန်ယူနိုက်တက် နည်းပြဟောင်း ဦးတင်မောင်ထွန်းအား ၎င်းနောက်ဆုံး ကိုင်တွယ်ခဲ့သည့် ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် ပွဲစဉ်၌ တွေ့ရစဉ်

အရင်ဆုံးပြောချင်တာက ရန်ကုန်ယူနိုက်တက်ပါ၊ အခုတစ်လောမှာ တော်တော်လေးကို HOT ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ MNL ပွဲစဉ် (၁၁) အပြီးမှာ ရန်ကုန်ယူနိုက်တက်ဟာ နည်းပြချုပ်နေရာ အပြောင်းအလဲ ဖြစ်ခဲ့လို့ပါပဲ။ အခုဆိုရင် ဦးတင်မောင်ထွန်း နေရာမှာ ဦးမင်းထွန်းလင်းကို အစားထိုး ခန့်အပ်လိုက်ပြီ ဖြစ်တယ်။ ဖြစ်ချင်တော့ နည်းပြချုပ် အသစ်ပြောင်း လဲခန့်အပ်လိုက်တဲ့ အချိန်မှာ ရန်ကုန်က အစဉ်အလာပြိုင်ဘက် ရတနာပုံနဲ့လာဆုံနေပါတယ်။ တစ်ခုရှိတာက ပွဲစဉ်မဲနှိုက်ရာမှာ ရန်ကုန်ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ YUSC မှာ ကစားကြဖို့ ဖြစ်လာတော့ ရန်ကုန်ယူနိုက်တက် အနေနဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် အားသာချက် အချို့တော့ ရထားနှင့်ပြီးဖြစ်နေပြန်တယ်။ ရတနာပုံကြည့်တော့ ရတနာပုံကလည်း YUFC ကွင်းမှာ ပွဲစဉ် ၁၀ မှာတုန်းက မကွေးကို ဂိုးပြတ်နဲ့အနိုင်ယူပြီး အောင်မြေနင်း ထားတာကြောင့် ရန်ကုန်ကွင်း ဆိုပေမယ့် သူတို့အတွက်လည်း ဒီကွင်းက သိပ်ပြီး စိမ်းနေမှာ မဟုတ်ပါဘူး။ ပြီးတော့ ပွဲစဉ် (၃) မှာတုန်းကလည်း ရန်ကုန်ယူနိုက်တက်နဲ့ တွေ့တုန်းက တစ်ဖက်ကို ၂ ဂိုးစီ သရေကျထား ခဲ့ဖူးတယ်။ အဲ့ဒီတုန်း ကလည်း YUFC ကွင်းမှာပဲလေ။

ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ MPT MNL 2020 ပထမအကျော့တွင် တွေ့ဆုံခဲ့စဉ်က

အီမန်နျူရယ်က ရန်ကုန်အတွက် ၂ ဂိုးသွင်းပေးပြီး ရတနာပုံအတွက်ကို ဇော်ရဲထွန်းနဲ့ မျိုးကိုထွန်းတို့က တစ်ဂိုးစီ သွင်းပေးခဲ့တာပါ၊ ရတနာပုံကို ရန်ကုန်က ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရတနာပုံက  နောက်ကနေပြီး ၂ ဂိုးလိုက်ထည့်ခဲ့တာပါ။ ဒါကို အီမန်နူရယ်က ၇၇ မိနစ်မှာ  ချေပဂိုး ပြန်သွင်းခဲ့လို့ သရေပွဲ ဖြစ်ခဲ့တာလေ။ မှတ်မိကြဦးမှာပါ။ အခုတော့ပြန်ဆုံကြပါပြီ။ အဲ့ဒီတုန်းကနဲ့ မတူတာက ရန်ကုန်ဟာ အခုအချိန်မှာ ဧရာဝတီလိုမျိုး ကစားသမား အင်အားတောင့်တင်းမှုအရှိဆုံးနဲ့ ပြင်ဆင်ထားမှုအပိုင်းမှာ အကောင်းဆုံးဖြစ်နေတယ်။ ကစားသမား အသစ်တွေနဲ့အထိုင်ကျစ ပြုလာပြီ ဖြစ်သလို ကစားတာလည်း ထိထိမိမိနဲ့ စွမ်းဆောင်မှုအပိုင်းမှာ အားနဲ့အင်နဲ့ သွားနိုင်နေပြီဆိုတာတွေ့ရမှာပါ။ အိမ်ကွင်းဖြစ်လို့လည်း ပိုလို့တောင်မှ ကစားရတာ ပရိသတ် အကြိုက်ဖြစ်နေလိမ့်မယ်။ ရန်ကုန်ဟာ တိုက်စစ်ကစား ဟန်ကာင်းတယ်။ ကစားသမားစုဖွဲ့မှုနဲ့ ရုန်းအား၊ တိုးအားကောင်းတဲ့ သူတွေလည်းပေါနေပြီ။ ဟံသာဝတီနဲ့ပွဲမှာ အရေးနိမ့်မယ့်သာနိမ့်ခဲ့တာပါ၊ ကစားဟန်နဲ့ တိုက်စစ်ကတော့ လူတိုင်း အကြိုက်တွေ့ခဲ့ကြမယ် ထင်တယ်။

ပထမအကျော့ တွေ့ဆုံစဉ်က ရန်ကုန်အတွက် သွင်းဂိုး ၂ ဂိုးစလုံးကို အီမန်နျူရယ်က သွင်းယူပေးခဲ့သည်

ဒီနေ့တော့ ရန်ကုန်ဟာ နည်းပြချုပ်အသစ်နဲ့ ပွဲထွက်လာမှာ ဖြစ်နေတယ်။ ဘယ်လိုမျိုးရှိနေမလဲ။ အပြောင်းအလဲ ကြီးကြီးမားမား ရှိနေမှာလား။ လတ်တလောမှာတော့ မလွယ်သေးဘူး။ မကွေးနဲ့ ဟံသာဝတီနဲ့ ပွဲတုန်းက ကစားခဲ့တဲ့ ပုံစံမျိုးကိုသာ နည်းပြချုပ်အသစ် လိုချင်တဲ့ ဟန်တစ်ခုအောက်မှာ ပြင်ဆင်မယ်နဲ့တူတယ်။ ဒါကလည်း အသစ်ဖြစ်နေသလို တာထွက်အစ နည်းပြချုပ် အသစ်အတွက် ပထမဆုံးခြေတစ်လှမ်းဟာ သိပ်ကို အရေးကြီးနေပြန်တယ်။

ရတနာပုံကတော့ ၂ ပွဲကစားပြီး အခုကာလမှာ တစ်ပွဲကို သွင်းဂိုး ၄ ဂိုးစီအထိ ရထားတယ်။ အထနှေး သယောင်ရှိတယ် ဆိုပေမယ့် ပွဲချိန်ကြာတာနဲ့အမျှ ကစားတာ အစေးကပ်ပြီး ကစားကွက်ကောင်း တစ်ခုအောက်မှာ စီးမျောနိုင်တဲ့အသင်း ဖြစ်သလို မြန်မာ့လက်ရွေးစင် ကစားသမားကောင်းတွေဟာ ရတနာပုံမှာ ရန်ကုန်နည်းတူ ရှိနေတယ်။ ပွဲစဉ် (၁၁) မကွေးနဲ့ပွဲတုန်းက အထနှေးလို့ အဖွင့်ဂိုးတစ်ဂိုး စတင်ပေးလိုက်ရပေမယ့် နောက်ကနေပြန် လိုက်ကစားပြီး မျိုးကိုထွန်း ဟတ်ထရစ်ရတဲ့အထိ မကွေးကို ၄ ဂိုးပြန်သွင်း နိုင်ခဲ့တယ်။ ရတနာပုံမှာလည်း ကစားအားကောင်းတဲ့ အောင်သူတို့မျိုးကိုထွန်းတို့ ရဲကိုဦးတို့၊ လှိုင်းဘိုဘိုတို့ ရှိနေသလို ဂိုးသမား ပြည့်လျံအောင်ဆိုရင် ပွဲစဉ် (၁၁) မှာ ဂိုးမပေးရဖို့အတွက် အကောင်းဆုံး ကာကွယ်မှုတွေနဲ့ ရတနာပုံ အတွက် လက်စွမ်းပြခဲ့သူပါ။ ဒီနေ့လည်း သူ့လက်စွမ်းဟာ ရန်ကုန် တိုက်စစ်ထိုးစစ်ကို အမိအရ ဖျက်ထုတ်ကာကွယ်ဖို့ နဲ့ သူ့နောက်တန်းကို သတိပေးထိန်းချုပ်ဖို့ အရေးကြီးနေပြန်တယ်။
တစ်ဖက်မှာ မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ ရန်နိုင်ဦး၊ အီမန်နျူရယ်၊ ဘာဖိုတို့ ရန်ပိုင်စိုး၊ သန်းပိုင်တို့ရဲ့တိုက်စစ် တိုးအားက သိပ်မာထန်တယ်။ ရတနာပုံအနေနဲ့ ခံစစ်အမှားပိုလို့ မရဘူး။ အထလေးတဲ့ဟန် မဖျောက်နိုင်ရင် ဘယ်လိုမျိုး ကစားကြမလဲ။

ပထမအကျော့ပွဲတွင် ရတနာပုံအတွက် ဦးဆောင်ဂိုးကို မျိုးကိုထွန်း သွင်းယူပေးခဲ့ပြီးနောက်

ပြောမယ့်သာ ပြောတာပါ။ တစ်ကယ်တော့ နှစ်သင်းစလုံး ခံစစ်တန်းနဲ့ ဂိုးသမားတွေ အမှားပိုလို့ မရတဲ့ပွဲဖြစ်တယ်။ ရန်ကုန်ကတော့ ဟံသာဝတီနဲ့ပွဲကို အားပြည့်သုံး နွဲထားရလို့ ခံစစ်တန်းနဲ့ အားထားရတဲ့ သူအချို့ကစားအားရော၊ ကာယကြံ့ခိုင်မှုအပိုင်းမှာပါ ပင်ပန်းမှုအချို့တော့ ခံရနိုင်သေးတယ်။ ဒီတော့ အောင်သူတို့ကို ထိန်းဖို့ သေချာလေးတော့ ဂရုစိုက်မှရမယ်။ ရန်ကုန်က ဒီပွဲမှာ အိမ်ကွင်းမှာ ကစားရမှာ ဆိုပေမယ့်လည်း ပြိုင်ဘက်ဖြစ်တဲ့ ရတနာပုံက ဒါကို သိပ်ပြီးခါင်းထဲ ထည့်ထားမှာ မဟုတ်ပါဘူး။ ဖိအား မရှိပဲနဲ့ကို တိုက်ဖို့ ရှိနေနိုင်တယ်။ ဟုတ်ပါတယ်။ ရန်ကုန်ကလည်း ဟံသာဝတီနဲ့ပွဲမှာ တစ်ပွဲမှားထားတဲ့ အရှုံးဖိအားကို ဒီပွဲမှာဘေးချပြီး YUFC မှာ ရတနာပုံကိုနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ တစ်သင်းလုံး မာန်မချပဲ ကစားဖို့ရှိနေလိမ့်မယ်။ ဒီတော့ စိတ်ဓါတ်ခြင်း အားပြိုင်မှု၊ နည်းပြခြင်း နည်းစနစ် ယှဉ်ပြိုင်မှုနဲ့ ရတဲ့အခွင့်အရေးကို ကစားသမားတွေ အပိုင်အသုံးချနိုင်မှုမှာ ဘယ်အသင်း အားသာချက်တွေ ထိထိမိမိနဲ့ရသွားမလဲ ဆိုတာ သိချင်နေမိတယ်။

ပြီးတော့ ရှိသေးတယ်။ အဲ့ဒါက မြန်မာကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ရတနာပုံဟာ ရန်ကုန်မြေပေါ်မှာပြိုင်ဘက်နိုင်ငံခြားသား တိုက်စစ်ကို ပထမအကျော့တုန်းကလိုမျိုး အမိအရနဲ့ ထိန်းချုပ်ဖို့ လွယ်နိုင်ပါဦးမလား။ ရန်ကုန်က တာလွှတ်ပြီ ဆိုတည်းက တရစပ် ထိုးစစ်ကို တင်ပြီး ကစားတတ်တဲ့ အသင်းဆိုတော့ အထလေးတဲ့ရတနာပုံ ခံစစ်အဖို့တော့ မကွေးနဲ့ပွဲတုန်းကလိုမျိုး မဖြစ်ဖို့လိုတယ်။

ဒီပွဲကတော့ အကြိတ်အနယ်ရှိတယ် ဆိုတာထက် ပိုနေလိမ့်မှာဖြစ်သလို ရတနာပုံ တိုက်စစ်မှာ အောင်သူဆိုတာ ကလည်း လွှတ်ထားလို့မရတဲ့ အကောင်းဆုံး အဆုံးသတ်သမား တစ်ယောက်ဖြစ်နေတယ်။ မောင်မောင်လွင်နဲ့ ေအောင်သူတို့ ဘယ်လိုမျိုး မိမိတို့အသင်း အသီးသီး အသာရအောင် လုပ်မလဲဆိုတာ ကြည့်ရ ပါတော့မယ်။ ဘာပဲပြောပြောပါ၊ အသင်းတိုင်းမှာ အားသာချက်၊ အားနည်းချက်လေးတွတော့ ရှိတတ်ကြတယ် မဟုတ်လား။ ဒီတော့ အထက်မှာပြောခဲ့သလိုမျိုး ဒီပွဲမှာ အနိုင်ရစေမယ့် အထိမိဆုံး စွမ်းဆောင်နိုင်မှုတွေကို ချိန်သားကိုက် ဘယ်အသင်း ယူပြမလဲ။ ရန်ကုန်အတွက်ရော၊ ရတနာပုံအတွက်ရော ရပ်တည်မှုတွေ အတွက် အရေးပါတဲ့ အမှတ်တွေက လိုနေသေးတာကြောင့် မာနနဲ့ ဂုဏ်သိက္ခာ အားပြိုင်လွန်ဆွဲပွဲမှာ ဘယ်အသင်း အနိုင်ရမလဲ ဆိုတာ ပရိသတ်တွေ အတွက်တော့ ပွဲကြီးပွဲကောင်းဖြစ်နေတယ်ဆိုတာပါပဲ။

ပြီးတော့ ပြောစရာရှိသေးတာက အမှတ်ပေးဇယား ထိပ်ဆုံးက ၂ သင်းကို အမှတ်ပေးဇယား အောက်ဆုံးက ၂ သင်းက အမှတ်ဖဲ့ယူနိုင်မလား၊ အရှုံးပေးရမလားဆိုတာ အားပြိုင်မှု တစ်ခုလိုမျိုး ကြည့်ကောင်းနေဦးမှာပါ။ တစ်ခုရှိတာက ISEP ရော၊ ဆောက်သမ်းရော ဒုတိယပိုင်း မှာ ကစားအားနဲ့ လုပ်နိုင်စွမ်းတွေအပြင် တိုက်စစ်ပိုင်းမှာ အခွင့်ရေးကောင်းရရင် အထိမိဆုံးမယူနိုင်တဲ့ ကိစ္စဟာ ဒီပွဲတွေအထိ ပါလာဦးမလား။ ဟံသာဝတီနဲ့ ဧရာဝတီ အသင်းတွေကလည်း အမှတ်တွေ အဆုံးရှုံးခံလို့ မရသလို သရေတောင် အကျခံလို့မရဘူး။ အဆင့် ၁ နဲ့ ၂ နဲ့ကြားမှာ အမှတ်ကွာဟချက် က တစ်မှတ် သာခြားနားနေလို့ ဒီနှစ်သင်းရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ အတွက်နေရာလုမယ့် အနေအထားကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါရောလား။

ရှမ်းယူနိုက်တက်အတွက် နှစ်ပွဲဆက် ကယ်တင်ရှင် ဖြစ်ခဲ့သည့် နန္ဒကျော်

ပြီးတော့ ရန်ကုန် ပွဲကျပ်နေချိန်မှာ ရမှတ်တူ အဆင့် ၄ မှာရှိနေတဲ့ ရှမ်းယူနိုက်တက်ကရော အဲ့ဒီ အခွင့်ရေးကို စစ်ကိုင်းယူနိုက်တက်နဲ့ အဆုံမှာ အထိမိဆုံး အရယူပေးနိုင်မလားဆိုတာ ကြည့်ချင်နေမိသေးတယ်။ အဲ့ဒီအချက်ကလည်း ဒီတစ်ပတ်မှာ စကားပြောနေ သေးတယ်လေ။ စိတ်ဝင်စားဖို့ ကောင်းတာက ရန်ကုန်ပွဲအပြီး ဒုတိယနေ့မှာမှ ရှမ်းပွဲက ကစားရမှာပါ။ ဒီတော့ ရန်ကုန်ရဲ့ ရလဒ်ကို သိပြီးမှ ကစားရမယ့်ပွဲဟာ ရှမ်းအတွက် စစ်ကိုင်းကို ရင်ဆိုင်ရမှာ အဆင်ပြေ နေပြန်တယ်။

ဧရာဝတီနဲ့ပွဲမှာ စစ်ကိုင်းထိုးစစ်တွေ အလုပ်မဖြစ်သလို ဧရာဝတီရဲ့ ကွင်းလယ်နဲ့ တိုက်စစ်တွေ အပြင် တောင်ပံ ကစားသမားတွေရဲ့ တိုးအားကို မယှဉ်ပြိုင်နိုင်ခဲ့ဘူး။ ဂိုးသမားအေဇင်မှူးလည်း ဧရာဝတီနဲ့ ပွဲတုန်းကလို အမှားမျိုး ထပ်ကျူးလွန်လို့ မရဘူး။ ရှမ်းယူနိုက်တက်ဟာ ၂ ပွဲ ကစားထားတဲ့ နောက်ဆုံးအနေအထားမှာ တိုက်စစ်သမားတွေ ဂိုးမရပေမယ့် ကွင်းလယ်က နန္ဒကျော် ဟာ ၂ ပွဲမှာ ၂ ဂိုးစလုံး သွင်းပေးထားနိုင်တဲ့သူပါ။ သူနဲ့ ဒေးဗစ်ထန်သိပ်ကောင်းတယ်။ ခံစစ်တန်းမှာလည်း ဝင်းမင်းထွဋ်ကစားတာကောင်းသလို ရဲမင်းသူ ကစားတာလည်း ငြိမ်တယ်။ သူက တစ်ဖက်တိုက်စစ်သမားတွေကို အလွတ်မပေးပဲနဲ့ ဂိုးမသွင်းနိုင်အာင်လို့ လိုက်ပြီး ရှုပ်နိုင်တယ်။ ဖြတ်တောက်နိုင်တယ်။ အခုအချိန်အထိ ကစားဟန် တစ်ချို့ဟာ နည်းပြချုပ် ဦးအောင်နိုင်အကြိုက် မဖြစ်သေးပေမယ့်လည်းရှမ်းကတော့ အချိန်တန်ရင် ဂိုးတွေရပြီး နိုင်ပွဲတွေ ဆက်နေဆဲပါပဲ။ ဒီနေ့ပွဲမှာလည်း အထိ နာထားတဲ့ စစ်ကိုင်း ခံစစ်ကို ဘယ်လိုမျိုး ဖြိုချနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပါသေးတယ်။ အထူးသဖြင့်ဂိုးရဖို့ အရှိန်အဟုန်နဲ့ တိုးဝင်ပြီး ဂိုးယူလေ့ရှိတဲ့ ရှမ်းရဲ့ တိုးအားမြှင့်တင်မှုကို စစ်ကိုင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်အဖျက် ကစားသမားတွေ ခြေရည်တူလိုက်ပြီး ရုန်းနိုင်ဖို့ပါပဲ။

ပြီးတော့ မကွေးနဲ့ ရခိုင်ပွဲပါ။ ခြေစွမ်းရော၊ ကစားအားရော မျှခြေလေးတွေ ညီတယ်။ တိုက်စစ်ပိုင်းမှာတော့ ရခိုင်က ပိုပြီးတော့ ရုန်းနိုင်တယ်။ မကွေးရဲ့ တာထွက် မြန်ဆန်မှုတွေနဲ့ ကောင်တာသွားတာတွေကိုတော့ ရခိုင်အနေနဲ့ ဒီပွဲမှာ သတိထားရမယ်။ ပြီးတော့ မကွေးအနေနဲ့လည်း ရခိုင်ရဲ့ ရုန်းအားတင်ကစားမှုကို ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ ရှေ့နှစ်ပွဲစလုံးမှာ နှစ်သင်းစလုံးက အမှတ်လက်မဲ့ ဖြစ်ထားကြတာဆိုတော့ ဒီပွဲအတွက် တင်ပြီး တိုက်စစ်ဖွင့် လာကြဦးမှာပါ။ ဒီတော့ အိမ်ကွင်းအဝေးကွင်းမရှိတဲ့ အနေအထားမှာ အဆုံးအဖြတ်ကတော့ ထိမိတဲ့ အခွင့်အရေးကို အရယူပြနိုင်ရေးပါပဲ။ နှစ်သင်းစလုံး အတွက် အဲ့ဒါအရေးကြီးတယ်။ ယူနိုင်မယ်ဆိုရင်တော့ နိုင်ပွဲရဖို့ရှိနေလိမ့်မယ်။

ဒီပွဲစဉ်မှာလည်း ပွဲတိုင်းက သူ့အတိုင်းအတာနဲ့သူ ကြည့်ကောင်းနေလိမ့်မယ်။ အဲ့ဒီအထဲ မှာတော့ ရတနာပုံနဲ့ ရန်ကုန်ပွဲအပြင် ဇယားအောက်ဆုံးက အသင်းတွေနဲ့ ဇယားထိပ်ဆုံးက အသင်းတွေ ဆုံပြီး အမှတ်လုရမယ့် ပွဲတွေပါနေတယ်။ ရှမ်းကတော့ ဒုတိယနေ့မှာမှ ကစားရမှာ ဖြစ်လို့ သူ့ပြိုင်ဘက်တွေရဲ့ အခြေအနေအပေါ် မူတည်ပြီး အခွင့်အရေး ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။