စစ်ကိုင်းယူနိုက်တက်နိုင်ပွဲစရပြီး ရှမ်း၊ ဧရာဝတီ၊ရတနာပုံတို့ နိုင်ပွဲဆက်ခဲ့တဲ့ ပွဲစဉ် (၁၇)

September 21, 2020

MPT Myanmar National League 2020 ပွဲစဉ် (၁၇) ကို စက်တင်ဘာ ၁၉၊ ၂၀ ရက်တွေက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်း ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ကာ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့လည်း နိုင်ပွဲဆက်ခဲ့တာ တွေ့ရပါတယ်။

ရခိုင်ယူနိုက်တက် (၁-၂) ဧရာဝတီယူနိုက်တက်

ဟံသာဝတီယူနိုက်တက်ကို နှစ်မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ ဧရာဝတီယူနိုက်တက်
ရခိုင်ယူနိုက်တက်အသင်းရဲ့ တုံ့ပြန်မှုကြောင့် ဧရာဝတီယူနိုက်တက်အသင်း ရုန်းကန်ခဲ့ရပေမယ့် လိုအပ်တဲ့နိုင်ပွဲတစ်ပွဲကိုတော့ ဆက်လက်ရယူနိုင်ခဲ့ပါတယ်။
ရဲဝင်းလှိုင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်း ပုံစံကောင်းရခဲ့ပေမယ့် ရှုံးပွဲကြုံခဲ့ရတာပဲဖြစ်ပါတယ်။ ဧရာဝတီအသင်းရရှိတဲ့ ဂိုးတွေမှာ သက်ထွန်းအောင်ရဲ့(OG) နဲ့ နောက်ခံလူ စိုးမိုးကျော်ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲစဉ်အနိုင်ရလဒ်ကြောင့် ဧရာဝတီယူနိုက်တက်အသင်းဟာ ဒုတိယနေရာက ဟံသာဝတီယူနိုက်တက်အသင်းကို နှစ်မှတ်အသာနဲ့ ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။

စက်တင်ဘာအတွက်အကောင်းဆုံးနည်းပြဆုရှင် ဦးအောင်နိုင်အား အထိမ်းအမှတ်ဆုနှင့် ဂုဏ်ပြုငွေကို MNL စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်က တက်ရောက်ချီးမြှင့်ပေးနေစဉ်။
ရှမ်းယူနိုက်တက် (၃-၁) ISPE

ရှစ်ပွဲဆက်နိုင်ပွဲဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်
ရှမ်းယူနိုက်တက်အသင်းက ISPE အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး နောက်ဆုံးရှစ်ပွဲဆက်နိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ ရှမ်းအသင်းရဲ့နိုင်ပွဲမှာ ဒွေးကိုကိုချစ်ကနှစ်ဂိုးနဲ့ ရဲမင်းသူက တစ်ဂိုးသွင်းယူခဲ့ပြီး ISPE အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ခင်ကျော်ဝင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်အနိုင်ရလဒ်ကြောင့် အဆင့်(၁) နေရာက ဧရာဝတီယူနိုက်တက်အသင်းကို လေးမှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရလဒ်ကောင်းတွေရယူပေးနိုင်ခဲ့တဲ့ နည်းပြချုပ်ဦးအောင်နိုင်ကလည်း စက်တင်ဘာလရဲ့ အကောင်းဆုံးနည်းပြဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဟံသာဝတီယူနိုက်တက် (ဝ-၀) ရန်ကုန်ယူနိုက်တက်
စက်တင်ဘာအတွက် အကောင်းဆုံးကစားသမားဆုရှင် ဟိန်းထက်အောင်အား MNL CEO ဦးစိုးမိုးကျော်က အထိမ်းအမှတ်ဆုနှင့် ဂုဏ်ပြုငွေချီးမြှင့်ပေးနေစဉ်

နှစ်သင်းစလုံးအတွက် မျှတတဲ့ ရလဒ်ဖြစ်ခဲ့တဲ့ ပွဲစဉ်
ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။
YUSC ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေအပြိုင် ရခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့တာဖြစ်ပြီး မျှတတဲ့ ရလဒ်အဖြစ်သုံးသပ်ရမှာပါ။
ဒီပွဲစဉ်ရလဒ်ကြောင့် ဟံသာဝတီယူနိုက်တက်အသင်းက အဆင့် (၁) နေရာက ဧရာဝတီယူနိုက်တက်အသင်းနဲ့ နှစ်မှတ်ကွာသွားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ချန်ပီယံလမ်းကြောင်းကနေ နှုတ်ဆက်လိုက်ရပါတယ်။
ယခုပွဲစဉ်မတိုင်မီ စက်တင်ဘာအတွက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ပေးခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမား ဟိန်းထက်အောင်က ရရှိပါတယ်။

စစ်ကိုင်းယူနိုက်တက် (၄-ဝ) ဆောက်သမ်းမြန်မာ

MPT Myanmar National League 2020 ဒုတိယအကျော့မှာ နိုင်ပွဲမရသေးတဲ့ စစ်ကိုင်းယူနိုက်တက်အသင်း ဆောက်သမ်းမြန်မာအသင်းနဲ့ ပွဲစဉ်မှာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပါတယ်။
ပွဲစကတည်းက ဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့တဲ့ စစ်ကိုင်းယူနိုက်တက်အသင်းလိုအပ်တဲ့ သွင်းဂိုးတွေကို ပထမပိုင်းမှာသုံးဂိုးနဲ့ ဒုတိယပိုင်းမှာ တစ်ဂိုးကို တိုက်စစ်မှူး အီဒူဘတ်ပက်ထရစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မကွေးအက်ဖ်စီ (၂-၄) ရတနာပုံအက်ဖ်စီ

ပွဲစဉ် (၁၇) မှာ ရတနာပုံအက်ဖ်စီအသင်းက မကွေးအက်ဖ်စီအသင်းကို (၄-၂) ဂိုးနဲ့ အနိုင်ယူပြီး အဆင့် (၅) နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ရတနာပုံအသင်းအတွက် သုံးပွဲဆက်ဖြစ်လာမယ့်နိုင်ပွဲမှာ ဝင်းနိုင်စိုးကနှစ်ဂိုးနဲ့ မျိုးကိုထွန်း၊ လှိုင်းဘိုဘိုတို့ကတစ်ဂိုးစီ ရယူပေးခဲ့တာပါ။ မကွေးအသင်း တိုက်စစ်ပိုင်းက သွင်းဂိုးနှစ်ဂိုး ရရှိခဲ့ပေမယ့် ခံစစ်ပိုင်းက အမှားအယွင်းများခဲ့လို့ ရှုံးပွဲဆက်ခဲ့တာဖြစ်ပါတယ်။

MPT Myanmar National League 2020 ပွဲစဉ် (၁၈)ကို စက်တင်ဘာ ၂၃၊ ၂၄ ရက်နေ့တွေမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ရတနာပုံ-ဟံသာဝတီယူနိုက်တက်၊ မကွေး- ဆောက်သမ်းမြန်မာ၊ စစ်ကိုင်းယူနိုက်တက် – ISPE ၊ ရှမ်းယူနိုက်တက်- ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်- ရခိုင်ယူနိုက်တက်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။