မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၄ ဘောလုံးရာသီအတွက် မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးချန်ပီယံဆုကို ISPE FC အမျိုးသမီးအသင်းက တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

ယနေ့ နိုဝင်ဘာ ၉ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ISPE အမျိုးသမီးအသင်းတို့၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ရာ ISPE အသင်းအနေဖြင့် ရှုံးပွဲမရှိစံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များအားလုံးအပြီးတွင် ISPE အသင်းက ရမှတ် ၄၈ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် ဒုတိယနှင့် ဧရာဝတီအက်ဖ်စီအသင်းက ရမှတ်၂၇ ဖြင့် တတိယနေရာရရှိခဲ့သည်။

ယနေ့ပွဲစဉ်အပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၄ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုး (၁၉) ဂိုးစီဖြင့် ပူးတွဲဂိုးသွင်းအများဆုံးဆုရရှိခဲ့သည့် ကစားသမားဖြစ်သည့် စန်းသော်သော် (ဧရာဝတီအက်ဖ်စီ)နှင့် လင်းမြင့်မိုရ် (ISPE FC) အား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် (၅) သိန်းစီ ချီးမြှင့်ခြင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီအဖွဲ့ဝင် Daw Nida Tylor နှင့်
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့က ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး တတိယဆုရရှိခဲ့သည့် အသင်းသစ် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုချီးမြှင့်ခြင်းကို Myanmar Womem League 2024 ပြိုင်ပွဲ၏ Main Supporting Sponsor ATOM Myanmar မှ Chief Business Officer Mr. Rituraj Kalita ကလည်းကောင်း၊ တတိယဆုအတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀ကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းဥက္ကဌ ဒေါ်ကလျာဇော်က လည်းကောင်း ချီးမြှင့်ပေးသည်။

ထို့အတူ ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းကလည်းကောင်း၊ ဒုတိယဆုကြေးငွေကျပ်သိန်း ၁၅၀ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေကလည်းကောင်း ချီးမြှင့်ပေးသည်။
အလားတူ ၂၀၂၄ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲ၏ အမှတ်ပေးချန်ပီယံ ISPE FC အမျိုးသမီးအသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာဒေါ်ခင်စောဦးနှင့် ချန်ပီယံဆုကြေးငွေကျပ်သိန်း ၂၀၀ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စပါယ်ကြည်တို့က ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ၂၀၂၄ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲတွင် ၁၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးချန်ပီယံဆုဖလား ပိုင်ဆိုင်ခဲ့သည့် ISPE FC အသင်းအား Undefeated Champions ဆုဖလား ချီးမြှင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ချီးမြှင့်ပေးပြီး ချန်ပီယံဆုဖလားချီးမြှင့်ခြင်းကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ISPE FC အသင်းသည် မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးကြိမ်မြောက် ရရှိခြင်းဖြစ်သည်။
