MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်

February 7, 2025

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ တန်းဆင်း/တန်းတက်စနစ်နှင့်အတူ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာစေရန် ရယ်ရွယ်ကာ MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကို ယခုနှစ်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏကွင်းပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလပ်အသင်းများဖြစ်သော 10/Mon FC၊ Enjoy Brother FC၊ Happy Friendship FC၊ Asia Lions FC၊ TKG Hmawbi FC၊ အင်းစိန်စီးတီးအက်ဖ်စီ၊ W United FC၊ Young Boy FC၊ Danger FC၊ မြဧရာအက်ဖ်စီ စသည့် အပျော်တမ်းကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအကြို အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား ၈ သင်း သို့မဟုတ် ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပျော်တမ်းကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် အပျော်တမ်းလိဂ်များစွာအား ဆက်သွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် MNL -2 2025 ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်နိုင်သော အသင်းနှစ်သင်း (ပထမ၊ဒုတိယနှစ်သင်း) အား ရွေးထုတ်သွားမည်ဖြစ်၍ MNL-2 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ ပရော်ဖက်ရှင်နယ် Criteria များအား လိုက်နာဆောင်ရွက်ရမည့် အခြေအနေများ၊MNL-2 ပြိုင်ပွဲတွင် ရေရှည်ပြိုင်ပွဲဝင်နိုင်ရန် ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိရန်နှင့် စီမံခန့်ခွဲမှုကောင်းစွာဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ရန် လိုအပ်သည့်အခြေအနေများအား ပြိုင်ပွဲမတိုင်မီ ကလပ်အသင်းများ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကလပ်အသင်းများမှ ၎င်းတို့ သိလိုသည့်အချက်များအား ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။

၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအပြီး တန်းဆင်းသွားခဲ့ရသည့် အသင်း(၂)နေရာအတွက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု သွားမည့် ယခုပြိုင်ပွဲကို မတ်လ ၁၅ ရက်မှ မတ်လ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အုပ်စုပွဲစဉ်များအား ဗဟန်းမြက်ခင်းတု (M-3) ကွင်း၌လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အား သုဝဏ္ဏကွင်း၌လည်းကောင်း အနည်းဆုံး ပြိုင်ပွဲဝင် ၈ သင်းမှ ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအသေးစိတ်အချက်အလက်များအား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။