ISPE အမျိုးသမီးအသင်း ဝင်ရောက်ကစားခွင့်ရရှိထားသည့် အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ (AFC Women’s Champions League 2025/26) အုပ်စုအဆင့် မဲခွဲမှုများ ထွက်ပေါ်လာခဲ့ပြီး ISPE အသင်းသည် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားကလပ်အသင်းများနှင့် တစ်အုပ်စုထဲ ကျရောက်ခဲ့သည်။

ISPE အသင်းသည် အုပ်စု(C) တွင်တောင်ကိုရီးယားကလပ် Suwon FC Women အသင်း၊ ဂျပန်ကလပ် Tokyo Verdy Beleza အသင်း၊ မြောက်ကိုရီးယားကလပ် Naegohyang Women’s FC အသင်းတို့နှင့်အတူ ကျရောက်နေသည်။ ISPE အသင်းသည် အုပ်စု ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် တောင်ကိုရီးယားကလပ် Suwon FC အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် Tokyo Verdy Beleza အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် မြောက်ကိုရီးယားကလပ် Naegohyang Women’s FC လည်းကောင်း ကစားရမည်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် အုပ်စုတစ်ခုစီမှ အုပ်စု ပထမနှင့်ဒုတိယရရှိသည့် အသင်း (၆) သင်း၊ အကောင်းဆုံး အုပ်စုတတိယနှစ်သင်းနှင့် စုစုပေါင်း (၈)သင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

