ဆီးရီးယားအသင်းကို သရေကျပြီး အာရှခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ယူ-၁၇ အသင်း

December 1, 2025

နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် 2026 AFC U-17 Asian Cup qualification အဆင့်တွင် မြန်မာအသင်းသည် အုပ်စု (G)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်၊ဆီးရီးယားအသင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး၊တစ်ဂိုး၊ အုပ်စုဒုတိယပွဲတွင် နီပေါအသင်းကို လေးဂိုး၊ဂိုးမရှိ၊ အုပ်စုတွင်း ခြေစစ်ပွဲအောင်မြင်ရန် ရေပန်းအစားဆုံးအသင်းဖြစ်သည့် အိုမန်အသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုး၊ဂိုးမရှိ၊ ဆီးရီးယားနှင့် အုပ်စုနောက်ဆုံးပွဲတွင် ၂-၂ သရေရလဒ် ကစားနိုင်ခဲ့ပြီး ရမှတ် ၁၀ မှတ်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ အာရှယူ-၁၇ နောက်ဆုံးအဆင့်ကို ပြိုင်ပွဲဝင် ၁၆ သင်းဖြင့် မေလအတွင်း ဆော်ဒီနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်သည်။

လက်ရွေးစင် ယူ-၁၇ အသင်းသည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် Falcon အသင်း အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် ရမှတ် ၄၁ မှတ်ဖြင့် အဆင့် ၆ တွင် ရပ်တည်နိုင်ခဲ့သည့်အသင်းလည်းဖြစ်သည်။