ဟံသာဝတီယူနိုက်တက် အိမ်ကွင်းပြန်လည် လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

May 7, 2026

၂၀၂၆-၂၇ ဘောလုံးရာသီတွင် ဟံသာဝတီယူနိုက်တက် အနေဖြင့် အိမ်ကွင်းပြန်လည် လက်ခံကျင်းပရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ Grand Royal Stadium (ပဲခူးတိုင်းအားကစားကွင်း) ကို မေလ (၄)ရက်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကလပ်အသင်း အထွေထွေမန်နေဂျာ ဦးငွေထွန်းနှင့် တာဝန်ရှိသူများက အခြေအနေအရပ်ရပ်ကို လိုက်လံရှင်းလင်းပြသခဲ့သည်။

လိဂ်ကော်မတီနှင့် ပြိုင်ပွဲကျင်းပရေးတို့ အနေဖြင့် လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းလက်ခံကျင်းပသည့် ကလပ်အသင်း ပိုမိုများပြားလာစေရန် သက်ဆိုင်ရာကလပ်အသင်းများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဟံသာဝတီယူနိုက်တက် အနေဖြင့် ပြိုင်ပွဲမစတင်မီ ကြားကာလအတွင်း ကွင်းအဆောက်အဦ လိုအပ်ချက်များ အချိန်မီ ပြုပြင်ဖြည့်ဆည်းနိုင်ရေး၊ မြက်ခင်းပြင် အရည်အသွေး ကောင်းမွန်စေရေး၊ ပရိသတ်များ အဆင်ပြေချောမွေ့စွာ အားပေးကြည့်ရှုနိုင်ရေးနှင့် ရုပ်သံရိုက်ကူးရေး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ပဲခူးမြို့၊ Grand Royal ကွင်းတွင် ၂၀၂၀ ခုနှစ်က အိမ်ကွင်းအဖြစ် နောက်ဆုံးလက်ခံကျင်းပခဲ့ပြီး ထိုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ထို့အတူ လိဂ်ပြိုင်ပွဲကျင်းပရေး CEO နှင့် တာဝန်ရှိသူများသည် ဧပြီလ (၃၀)ရက်နေ့က ၂၀၂၆-၂၇ ဘောလုံးရာသီအတွင်း လိဂ်ပြိုင်ပွဲများကျင်းပသွားရန် လျာထားသည့် ရန်ကုန်မြို့ရှိ ဘောလုံးကွင်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အချိန်မီ ပြုပြင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကွင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ လိဂ်ပြိုင်ပွဲကျင်းပရေးမှ လိုအပ်ချက်များကို တာဝန်ယူ ပြုပြင်သွားမည် ဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်း၏ Grand Royal Stadium
ဟံသာဝတီယူနိုက်တက်အသင်း၏ Grand Royal Stadium