ရတနာပုံအသင်းနှင့်ပွဲအတွက် ဖိအားမရှိဟု GFA FC အသင်း နည်းပြ ပြော

January 24, 2018

ချင်းပြည်နယ် ကိုယ်စားပြု၊ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းတစ်သင်းဖြစ်သည့် GFA FC အသင်းသည် တတိယပွဲစဉ်အဖြစ် လာမည့် ဇန်န၀ါရီ ၂၇ ရက်တွင် ရတနာပုံအက်ဖ်စီ
အသင်းနှင့် ကစားရမည်ဖြစ်ပြီး ရတနာပုံအက်ဖ်စီအသင်းနှင့်ပွဲအပေါ် မည်သည့် ဖိအားမျှ မရှိကြောင်း အသင်းနည်းပြ ဦးသာကျော်က ပြောခဲ့သည်။

GFA FC အသင်း နည်းပြချုပ် ဦးသာကျော်

GFA FC အသင်းသည် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင် ဆောက်သမ်းအသင်းနှင့် သရေကျထားပြီး ဒုတိယပွဲတွင် မြ၀တီအက်ဖ်စီ
အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ လာမည့် ဇန်န၀ါရီ ၂၇ ရက်၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအက်ဖ်စီအသင်းနှင့်ပွဲစဉ်နှင့် ပတ်သက်၍ အသင်းနည်းပြ
ဦးသာကျော်က ” ရတနာပုံနဲ့ ပွဲမှ မဟုတ်ပါဘူး။ ဘယ်အသင်းကို နိုင်ရမယ်လို့ ဖိအားပေးထားတာမျိုး ကျွန်တော်တို့ အသင်းမှာ မရှိပါဘူး။ ဘာဖိအားမှ မရှိတဲ့အတွက် နည်းပြအတွက်ရော၊ ကစားသမား တွေအတွက်ပါ လုပ်ရကိုင်ရတာ ကောင်းပါတယ်။ ရတနာပုံအက်ဖ်စီအသင်းက လေးစားရတဲ့
အသင်းတစ်သင်းပါ။ သူတို့ တိုက်စစ်က ဂိုးတွေ ရနေတယ်။ ဧရာဝတီ၊ ရခိုင်ယူနိုက်တက်တို့လို အသင်းမျိုးတွေတောင် ဂိုးပြတ် အနိုင်ရထားတဲ့ အသင်းပါ။ ဒါကြောင့် ရတနာပုံအသင်းကို ဆတူ
ယှဉ်ကစားဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ရတနာပုံနဲ့ပွဲက သရေ ရရင်ကိုပဲ ကျွန်တော်တို့အတွက် အမြတ်လို့ ပြောလို့ရပါတယ်” ဟု ပြောခဲ့သည်။

GFA FC အသင်းနှင့် ကစားမည့် ရတနာပုံအက်ဖ်စီအသင်းသည် ပွဲဦးထွက်တွင် ဧရာဝတီအသင်း ကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိထားသလို ဒုတိယပွဲစဉ်တွင်လည်း ရခိုင်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရထားသည့်အသင်းဖြစ်သည်။ GFA FC အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့သည် လာမည့် ဇန်န၀ါရီ ၂၇ ရက်၊ ညနေ ၄း၀၀ နာရီ၊ အောင်ဆန်းကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။