အသစ်တစ်ဖန်မွေးဖွားလာခဲ့သည့် Mountain Lion FC သို့မဟုတ် အဆင့်မြင့်တန်း၏ အရှင်သခင် ဘဏ္ဍာအခွန်အသင်း

January 24, 2018

မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်ကာလ မတိုင်မီ ဘဏ္ဍာအခွန်ဘောလုံးအသင်း၏ အောင်မြင်မှုများက ယုံတမ်းပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ပါ။  ချန်ပီယံအကြိမ်ကြိမ် ရရှိအောင်မြင်ခဲ့သည့် သမိုင်းဖြစ်ရပ်မှန် တစ်ခုပင်ဖြစ်ပါသည်။

MPT Myanmar National League II 2018 ကို စတင်ယှဉ်ပြိုင်ခြင်းဖြင့် Mountain Lion FC သို့မဟုတ် တစ်ချိန်က အဆင့်မြင့်တန်း၏ အရှင်သခင် ဘဏ္ဍာအခွန်အသင်း ဘောလုံးလောကအတွင်း ပြန်လည် ၀င်ရောက်လာခဲ့ပြီဖြစ်သည်။

“ ကျွန်တော်တို့အသင်းက အရင်ကလည်း လက်ရွေးစင်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။  အခုက အသင်းနာမည်ပြောင်းထားပေမယ့် ဒီအသင်းပါပဲ။ လိဂ် ၂ ကနေ လိဂ် ၁ အဆင့်အထိ တက်ဖို့ ရည်ရွယ်ထားတယ်။ လက်ရွေးစင်တွေ တစ်ဖန်မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု အသင်းပြန်လည်ဖွဲ့စည်း ယှဉ်ပြိုင်ဖြစ်ပုံနှင့် ပတ်သက်၍  အသင်းနည်းပြချုပ် ဦးစိုးလင်းထွန်းက  ပြောသည်။

Mountain Lion FC (တောင်ခြင်္သေဘောလုံးအသင်း) ကို ၀န်ကြီးဌာနမှ ကစားသမား ငါးဦး အပါအ၀င် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိ လူငယ်ကစားသမားအများစုနှင့် ပြင်ပမှ အရည်အသွေးရှိ ကစားသမားအချို့ကို အချိုးကျပေါင်းစပ် ဖွဲ့စည်းထားသည်။ ကစားသမားလူရွေးချယ်ခြင်းနှင့် ပြင်ဆင်လေ့ကျင့်မှုများကို ၂၀၁၇ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ခဲ့ပြီး ခြေစွမ်းပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားထားကြောင်း သိရသည်။

Mountain Lion FC အသင်းကို အသင်းစီအီးအိုအဖြစ် လက်ရွေးစင်ဟောင်း ဦးထွန်းထွန်းထက်က တာဝန်ထားပြီး အသင်းမန်နေဂျာဦး သူရအောင်၊ အသင်းနည်းပြ ဦးစိုးလင်းထွန်း၊ လက်ထောက်နည်းပြများအဖြစ် ဦးစိုးဝင်း၊ ဦးတိုးတိုး၊ ဦးချစ်ကိုကိုဆွေ၊ ဂိုးနည်းပြ ဦးဇော်မျိုးလတ်တို့ အပါအ၀င် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၁၀ ဦးပါဝင်ကြောင်း သိရသည်။

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကစားသမား ၃၀ ဦး မှတ်ပုံတင်ထားပြီး လက်ရှိတွင် လမ်းမတော်၊ အ.ထ.က(၁) စိန်ဂျွန်းကွင်း၌ ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

Mountain Lion FC အသင်းအနေဖြင့် MPT Myanmar National League II 2018 အဖွင့်ပွဲစဉ်အဖြစ် Royal ThanLyin FC(ယခင် စီးတီးစတား) အသင်းနှင့် စတင်ယှဉ်ပြိုင်သွားရမည်လည်း ဖြစ်သည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားပြု အသင်းမှာ အစောပိုင်းက Planning & Finance FC အသင်းအမည်ဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရန် စာရင်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ အသင်းအမည်အစား Mountain Lion FC အသင်းအမည်ဖြင့် ပြောင်းလဲ ယှဉ်ပြိုင်လာခြင်းဖြစ်သည်။

“ဘဏ္ဍာအခွန်တော့ ဘဏ္ဍာအခွန်အသင်းပဲ။ ဒါပေမယ့် အခုက နာမည်တစ်မျိုးနဲ့ Mountain Lion FC (တောင်ခြသေ့င်္)ဘောလုံးအသင်းပေါ့။ ဒီနာမည်အသစ်နဲ့ ၀င်ပြိုင်မှာပေါ့။ အသင်းနာမည်ပြောင်းဖြစ်တာ ကျန်တဲ့ရည်ရွယ်ချက်တော့ ဘာမှ မရှိပါဘူး” ဟု အသင်းအုပ်ချုပ်သူ ဦးသူရအောင်က အသင်းနာမည်ပြောင်းလဲထားခြင်းနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့ဘောလုံးသမိုင်းတွင် အစဉ်အလာကောင်းခဲ့သော ကလပ်အသင်းတစ်သင်း ဖြစ်ခဲ့သည့်အလျှောက် ပရိသတ်၏ စိတ်ဝင်စားမှုအပိုင်းကလည်း  Mountain Lion FC အသင်းအပေါ် မြင့်တက်လျက်ရှိသည်။

“ ဘဏ္ဍာအခွန်အသင်းကို အမည်ပြောင်းပြီး ယှဉ်ပြိုင်တာဆိုတော့ စိတ်ဝင်စားမှု အများကြီး ခံရတယ်။ ဒါပေမယ့် ခေတ်ကတော့ ပြောင်းလဲသွားပြီပေါ့။  ၉ နှစ်ကျော်လောက် ရှိပြီဆိုတော့ မျိုးဆက်ကလည်း ပြတ်ထွက်သွားတယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ ပေးစေချင်တယ်” ဟု လက်ေ၇ွးစင်ဟောင်း ဦးသူရအောင်ကဆိုသည်။

“ အသင်းက အခုမှ စပြီး ဖွဲ့စည်းတာဆိုတော့ နည်းနည်းတော့ အချိန်ယူရမယ်။   ၁၀ နှစ်လောက် ကြာသွားတယ်။ အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ တွေ့ရတယ်။ ၁ နှစ်လောက်တော့ ကြာမယ်ထင်တယ်။ လာမယ့်နှစ်မှာဆိုရင် အသင်းက ပိုပြီး အင်းအားတောင့်လာမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ ပြင်ဆင်ချိန် ကာလတော့ နည်းပါတယ်။ လေ့ကျင့်ရေးကွင်း အခက်အခဲလေးတွေလည်း ရှိတယ်။ ဒါပေမယ့်အသင်းကို အကောင်းဆုံးပြင်ဆင်ပြီး တစ်ဆင့်ချင်း အောင်မြင်မှု ရအောင် ဆောင်ရွက်သွားမှာပါ” ဟု လက်ရွေးစင်ဟောင်းလည်း ဖြစ်သူ ဦးစိုးလင်းထွန်းက အသင်းရည်မှန်းချက်နှင့် ပတ်သက်၍ ပြောသည်။

အဆင့်မြင့်တန်းပြိုင်ပွဲတွင် ချန်ပီယံ ၁၁ ကြိမ်ဖြစ်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားသမား အမြောက်အများ မွေးထုတ်ပေးခဲ့သည့် အသင်းတစ်သင်းအနေဖြင့် ယခုအခါ ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲသို့ ၀င်ရောက်လာခဲ့ပြီဖြစ်သည်။

သို့သော် ခေတ်ကာလ အနေအထားက ယခင်ကနှင့် မတူ ပြောင်းလဲသွားပြီဖြစ်သည်။

ထို့ကြောင့် အတိတ်က အောင်မြင်မှု အတိတ်ပုံရိပ်များအား တစ်ဖန် ပြန်လည် ထုဆစ်နိုင်မည်လား ဆိုသည့် မေးခွန်းကို အသင်းအုပ်ချုပ်သူ ဦးသူရအောင်က ယခုကဲ့သို့ပြောခဲ့ပါသည်။

“ အများစိတ်ဝင်စားတဲ့ အသင်းတစ်သင်းဖြစ်အောင်လည်း နောက်ပိုင်း အနေအထားတွေက ဖြစ်လာလိမ့်မယ်။ အခုအချိန်ကတော့  လိုအပ်ချက်တချို့ ရှိနေအုံးမှာပါ။ ကစားသမားတွေအပေါ်မှာလည်း အရင်က အောင်မြင်မှုတွေ၊ ကစားသမားတွေရဲ့ လေ့ကျင့်မှုတွေ၊ စည်းကမ်းလိုက်နာမှုတွေ ပြောပြထားပါတယ်။ တဖြည်းဖြည်းနဲ့တော့ အရင်ကပုံစံအတိုင်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”