အခွင့်အရေးများကို အကောင်းဆုံး အသုံးချပြီး ဒဂုံအသင်း ဒုတိယအဆင့်သို့ တက်ရောက်

May 12, 2018

ဒီကနေ့ ညနေ ၃း၃၀ နာရီက ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်တွေထဲက ပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ ကချင်ယူနိုက်တက် အသင်းနဲ့ ဒဂုံအသင်းတို့ရဲ့ ပွဲမှာ ကချင်ယူနိုက်တက် အသင်းက ပွဲချိန်တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့်လည်း အခွင့်အရေးကောင်းတွေကို ထိထိမိမိ အသုံးချနိုင်ခဲ့တဲ့ ဒဂုံအသင်းက ပွဲအပြီးမှာ (၁-၃) ဂိုးနဲ့ အနိုင်ရပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေဆီ တက်ရောက် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လူအင်အား စုဖွဲ့မှုကို ကြည့်မယ်ဆိုရင် နိုင်ငံခြား ကစားသမား ၂ ဦးပါဝင်လာသလို ချစ်လှအောင်၊ ရန်ခ အစရှိတဲ့ လိဂ်-၁ အတွေ့အကြုံရှိ ကစားသမားတွေ ပါဝင်လာတဲ့ ကချင်ယူနိုက်တက် အသင်းက အသာစီး ရနေတယ်လို့ ထင်ရပေမယ့် တစ်ကယ့် ပွဲထဲမှာတော့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း စိုးမြတ်သူ ဦးဆောင်လာတဲ့ ဒဂုံအသင်းရဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အထိရောက်ဆုံး အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲအစပိုင်း ၅ မိနစ်မှာတင် ညာခြမ်းက ဖြတ်ခင်းပေးတာကို စိုးမြတ်သူက အလိုက်သင့် ပိတ်သွင်းပြီး ဒဂုံအသင်းအတွက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ကချင်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိကစားခဲ့ပေမယ့် ဒဂုံရဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပွဲချိန် ၁၈ မိနစ် အရောက်မှာ ဒဂုံတိုက်စစ်မှူး အောင်ခိုင်ထွန်းက တန်ပြန်တိုက်စစ်ကနေ ရှေ့အနည်းငယ် ထွက်နေတဲ့ ကချင်ယူနိုက်တက် ဂိုးသမားအပေါ် ကျော်ထည့်ပြီး ဒုတိယဂိုး ရယူသွားခဲ့ပါတယ်။ ပထမပိုင်းရဲ့ လက်ကျန် ပွဲချိန်တွေမှာတော့ ကချင်ယူနိုက်တက်က ချေပဂိုးရဖို့အတွက် အပြင်းအထန် အားထုတ်ခဲ့ပြီး ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်မှာ ကချင်ယူနိုက်တက်ရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ ပျော်ဒူအောင်က ထောင့်ကန်ဘောကို ခေါင်းတိုက်ကာ ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာတော့ ရလဒ်ပိုင်း ညီမျှဖို့အတွက် ကချင်ယူနိုက်တက်ကပဲ အသည်းအသန် တိုက်စစ်ဆင်ခဲ့ပေမယ့် ဒဂုံအသင်းရဲ့ ခံစစ်ကြောင်းကို ဖြတ်ကျော်ဖို့ နည်းလမ်းကို ရှာမတွေ့ခဲ့တဲ့အပြင် ပွဲချိန် ၇၅ မိနစ်မှာ ပေးလိုက်ရတဲ့ ကွင်းလယ်လူ ဂျိုနသန်ရဲ့ Own Goal ကြောင့် ပွဲအပြီးမှာ ကချင်ယူနိုက်တက် အသင်းအနေနဲ့ ဒဂုံအသင်းကို (၁-၃) ဂိုးနဲ့ အရှုံးပေးလိုက်ရပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကြီးကို ပထမအဆင့်ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။