MFF – MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 မန္တလေးဇုန် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

July 4, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့က ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက် MPT မှ ပံ့ပိုးကာ အခြေခံပညာ ဦးစီးဌာန၏ ပူးပေါင်းပါဝင်မှု၊ Main Sponsor အဖြစ် Myanmar Care တို့၏ ကူညီမှုဖြင့် ကျင်းပသည့် MFF – MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 မန္တလေးဇုန် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မန္တလေးမြို့ရှိ ဗထူးအားကစားကွင်း၌ ကျင်းပသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များသည် ဘောလုံးပွဲတော်လာ ကလေးငယ်များ၊ ယူ-၁၄ ပြိုင်ပွဲဝင် ကစားသမားများ၊ ဆရာ/ဆရာမများ၊ နည်းပြများနှင့် အတူတကွ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

Grassroots Festival တွင် ပျော်ရွှင်နေကြသည့် ကလေးငယ်များ။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ MPT Joint Operation မှ Deputy C.O.O ဦးနိုင်ကိုကို၊ မြန်မာဘရူဝါရီမှ C.O.O ဦးကျော်ကြားနှင့် မြန်မာနေရှင်နယ်လိဂ်၊ MPT ၊ မြန်မာဘရူဝါရီနှင့် အခြေခံပညာ ဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ စပွန်ဆာများ၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြသည့် အပြင် မန္တလေးတိုင်း ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်း ဖြစ်သည့် ရတနာပုံ အသင်းမှ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များလည်း တက်ရောက် ကြသည်။

 

ဦးစွာ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် MPT Joint Operation မှ Deputy C.O.O ဦးနိုင်ကိုကိုက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ မြန်မာဘရူဝါရီမှ ဦးကျော်ကြားကလည်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

တက်ရောက်လာသည့် ဝန်ကြီးချုပ်။

ယင်းနောက်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဘောလုံးများကို ကွင်းအတွင်း ကန်သွင်းကာ MFF – MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 မန္တလေးဇုန် ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ၊ ယူ-၁၄ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားသမားများနှင့် စုပေါင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး ကလေးများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် Grassroots Festival နှင့် အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနိုင်ငံ၏ ဦးဆောင် အော်ပရေတာ MPT တို့၏ မိတ်ဖက်သဘောတူညီမှုများ အနက်မှ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး အဆိုပါ ဘောလုံးပွဲတော်နှင့် ပြိုင်ပွဲများကို ယခု ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းရှိ ပြည်နယ်နှင့်တိုင်း ဒေသကြီး (၈) ခုတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ယခုကျင်းပပြုလုပ်သည့် မန္တလေးဇုန် ယူ-၁၄ ဘောလုံးပြိုင်ပွဲမှာ ယခုနှစ်အတွင်း ပထမဆုံး ကျင်းပပြုလုပ်သည့် ယူ-၁၄ ပြိုင်ပွဲဖြစ်ပြီး ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် စစ်တွေ အစရှိသည့် မြို့ကြီးများတွင် ဆက်လက် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

မန္တလေးဇုန် MPT U-14 Youth Football Tournament 2018 ပြိုင်ပွဲကို ဇူလိုင် ၅ ရက်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်ပြီး ၁၄ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ပြီး အုပ်စု (၄)စု ခွဲခြားကာ အုပ်စုအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ် စသည်ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်စေမည် ဖြစ်သည်။ ပွဲအားလုံးကို ဗထူးကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။