၁ နှစ်အတွင်း လိဂ် ၁ ပြိုင်ပွဲသို့ တန်းတက်ကစားနိုင်ရန် ရည်မှန်းထားကြောင်း ချင်းနည်းပြ ဦးစိုးသိန်းပြော

December 3, 2018

MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူး၍ ၁ နှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ တန်းတက်ကစားနိုင်ရန် ရည်မှန်းထားကြောင်း ချင်းယူနိုက်တက်နည်းပြ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

“ပြည်တွင်း၊ပြည်ပ ကစားသမားတွေနဲ့ ပေါင်းစပ်ပြီးတော့ ၂၀၁၉ လိဂ် ၂ ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ချန်ပီယံဖြစ်ပြီး လိဂ် ၁ ပြိုင်ပွဲကို တစ်နှစ်အတွင်း တန်းပြန်တက်နိုင်ဖို့ပါ”ဟု ချင်းအသင်းအား တစ်ကျော့ပြန် တာဝန်ယူမည့်  ဦးစိုးသိန်းက ပြောသည်။

လက်ရှိတွင် ချင်းယူနိုက်တက်အသင်း အနေဖြင့် လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရန်   မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့  တရားဝင် တင်ပြထားပြီး ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အသင်းအား မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိ ကစားသမားများ အပါအ၀င် ပြည်တွင်း၊ပြည်ပ ကစားသမားများဖြင့် ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိတွင် ပြည်တွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ချင်းအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က ဟံသာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။