ISPE နှင့်ပွဲမတိုင်မီ နည်းပြချုပ် အပြောင်းအလဲ ပြုလုပ်ခဲ့သည့် မြဝတီအသင်း

January 17, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် နေသည့် မြဝတီအသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ISPE အသင်းနှင့် ကစားရ မည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မြဝတီအသင်းသည် အသင်းနည်းပြချုပ် အသစ် အပြောင်း အလဲ ပြုလုပ်ခဲ့သည်။

မြဝတီအသင်းသည် နည်းပြချုပ် ဦးဇင်ထူး၏ နေရာတွင် နည်းပြချူပ်သစ်အဖြစ် ဦးမင်း ကြည်ကို ပြောင်းလဲ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းကို နည်းပြချုပ်အဖြစ် တာဝန် ယူခြင်းနှင့် ပတ်သက်၍ နည်းပြ ဦးမင်းကြည်က “မြဝတီအသင်းကို နဂိုကတည်း ကလဲ ကိုင်တွယ်ချင်နေတာပါ။ အခုချိန်မှာ အသင်းက တန်းဆင်းဇုန်ထဲလဲ ကျနေတယ်။ လိုလဲ လိုအပ်နေတယ်။ ကမ်းလှမ်းလာတဲ့အတွက် လက်ခံလိုက်တာပါ”ဟု ပြောခဲ့သည်။

မြဝတီအသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ခုနစ်ပွဲ ကစားရန် ကျန်ရှိနေသေးပြီး လက်ရှိ ၁၅ ပွဲကစားအပြီးတွင် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ၁၃ ပွဲ ရှုံး ရမှတ် လေးမှတ်ဖြင့် အဆင့် ၁၂ တန်းဆင်းဇုန် အောက်ဆုံးတွင် ကျရောက်နေသည်။ မြဝတီအသင်း၏ တန်း ဆင်းဇုန် အနေအထားနှင့် ပတ်သက်၍ နည်းပြ ဦးမင်းကြည်က “တတ်နိုင်လောက်တဲ့ အထိ လိုက်ကစားမှာပါ။ စိတ်ဓာတ်၊ ခွန်အားကောင်းကောင်းနဲ့ တူတူတန်တန် ကစားနိုင် တဲ့ အထိကို ပြင်ဆင်ထားတယ်။ အမှတ်လဲ ရသလောက် လိုက်ယူမှာပဲ။ လိဂ် ပြိုင်ပွဲပြီးမှပဲ နောက်ဆုံး အခြေအနေကို သိရမှာပါ”ဟု ပြောခဲ့သည်။

မြဝတီအသင်း၏ နည်းပြချုပ် အသစ်ဖြစ်လာသည့် ဦးမင်းကြည်သည် မြန်မာနေရှင်နယ် လိဂ် အတွေ့အကြုံရှိသည့် နည်းပြ တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် နေပြည်တော် အသင်း တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် နည်းပြ ဦးမင်းကြည်သည် မနောမြေအသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်း၊ ဒဂုံအက်ဖ်စီအသင်း၊ ချင်းယူနိုက်တက် အသင်းများတွင် နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး  မဟာယူနိုက်တက် အသင်းတွင် လည်း နည်းစနစ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဒဂုံစတားယူနိုက်တက် ယူ-၂၀ အသင်း တွင် အသင်းမန်နေဂျာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ဖူးသည်။