ယနေ့ ညနေက သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ရတနာပုံအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ပွဲအစတွင် ဒဂုံစတားယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးရရှိရန် ရတနာပုံအသင်းဘက်သို့ ဖိအားပေးကစားခဲ့သည်။ ရတနာပုံအသင်းသည်လည်း ခံစစ်တွင် ကစားသမားငါးဦးအထိ ထားကစားပြီး ခံစစ်ကို အလုံပြင်ပြီး တိုက်စစ်မှူး ပြည်မိုးကို အထောင် ထားကစားခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် ဒဂုံစတားယူနိုက်တက် ခံစစ်မှူး ကိုးသန်းဇော်သည် တန်ပြန်တိုက်စစ်မှ ကျွံထွက်လာသည့် ရတနာပုံ တိုက်စစ်မှူး ပြည်မိုးအား ကစားပုံကြမ်းခဲ့သည့်အတွက် အနီကတ်ဖြင့် ထုတ်ခံခဲ့ရသည်။ ပွဲချိန် ၄၂ မိနစ်တွင် ရတနာပုံအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ပြည်မိုးက သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက ၁-၀ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စပြီး တစ်မိနစ်အကြာတွင် ဒဂုံစတားယူနိုက်တက်အသင်းက ချေပဂိုးရခဲ့ပြီး မောင်မောင်ဝင်းက ကန်သွင်းပေးခဲ့သည်။ ပွဲချိန် ၅၇ မိနစ်တွင် ရတနာပုံအသင်းမှ ဒုတိယဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ပထမပိုင်းတွင် လူစားဝင်လာသည့် တည်ငြိမ်မင်းက သွင်းပေးခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး ငြိမ်းချမ်းက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းပေးခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းသည် ပွဲချိန် ၉၀+၂ မိနစ်နှင့် ၉၀+၃ မိနစ်တို့တွင် တတိယဦးဆောင်ဂိုးနှင့် စတုထ္ထဦးဆောင်ဂိုးများ ထပ်မံရခဲ့ပြီး ယင်းဂိုးများကို ပြည်မိုးနှင့် အာကာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းသည် လာမည့်တစ်ပတ်တွင် ဒဂုံပေါ့အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဒဂုံစတားယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။
