
အောက်တိုဘာ ၁၈၊ ၁၉၊ ၂၀ ရက်များတွင် ကစားပြီးခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ISPE နှင့် ရခိုင်ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်။
ISPE အသင်းသည် မဟာယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းသည် ဒဂုံစတား ယူနိုက်တက်အသင်းကို လေးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒဂုံပေါ့အသင်းကို ကိုးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရခိုင်ယူနိုက်တက်အသင်းသည် သစ္စာအားမာန်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရတနာပုံအသင်းသည် ရာမညယူနိုက်တက်အသင်းကို ငါးဂိုး တစ်ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့ကြသည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်သည် တစ်ဂိုးစီ သရေကျခဲ့သည်။
Week-6 အပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၅ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၂၊ ၃ နေရာများတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့က ရမှတ် ၁၃ မှတ်စီဖြင့် ရပ်တည်နေကြသည်။

