MNL (U-21) Youth League 2025 အမှတ်ပေးချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်ယူ-၂၁ အသင်းရရှိ

October 24, 2025

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် MNL (U-21) Youth League 2025 Week 26 ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၂၃ ရက်ယနေ့ညနေပိုင်းက ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒဂုံစတားယူနိုက်တက်ယူ -၂၁ အသင်းက ဆုမင်းအောင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရကာ ပြိုင်ပွဲ၏ ချန်ပီယံဆုကိုရရှိခဲ့သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ယနေ့နိုင်ပွဲကြောင့် ရမှတ် ၅၉ မှတ်ဖြင့် ချန်ပီယံဆုဖလားအား ရရှိခဲ့ပြီး ISPE အသင်းအနေဖြင့် နောက်ဆုံးအဆုံးအဖြတ်ပွဲတွင် အရေးနိမ့်ခဲ့ခြင်းကြောင့် ရမှတ် ၅၇ မှတ်ဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် သွင်းဂိုး (၂၃) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိသည့် ISPE အသင်း တိုက်စစ်မှူး စောအောင်မျိုးဦးအား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် (၅) သိန်းကို Dagon Beverages Co., Ltd မှ အထွေထွေမန်နေဂျာ ဦးအောင်လှိုင်ဝင်းက ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရမှတ် (၅၂) မှတ်ဖြင့် တတိယရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုကို ဒဂုံစတားယူနိုက်တက်အသင်းဥက္ကဌဦးတင်မိုးနိုင်နှင့် ဆုငွေကျပ်သိန်း ၁၅၀ ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ထို့နောက် MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် ISPE FC အသင်းသည် တစ်ဦးချင်းငွေတံဆိပ်နှင့်အတူ ဆုငွေကျပ်သိန်း၂၀၀ ရရှိခဲ့သည်။ ISPE FC အသင်းအတွက် တစ်ဦးချင်း ငွေတံဆိပ်ဆုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးဌေးအောင်ကလည်း‌ကောင်း၊ ဆုငွေကျပ်သိန်း၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ပြိုင်ပွဲတွင် ပထမရခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းသည် တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း ၃၀၀ လက်ခံရရှိခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် တစ်ဦးချင်းရွှေတံဆိပ်ဆုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က ဂုဏ်ပြုချီးမြှင့်ပေး၍ ဆုငွေကျပ်သိန်း ၃၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဒဂုံစတားယူနိုက်တက်ယူ -၂၁အသင်းအား ချန်ပီယံဆုဖလားချီးမြှင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ယခုနှစ် MNL (U-21) Youth League 2025 အမှတ်ပေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရာသီကုန်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ဒုတိယနေရာမှ ISPE အသင်းကို နှစ်မှတ်အသာဖြင့် ချန်ပီယံဆုဖလားကြီးအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။